တရုတ်နိုင်ငံအကူအညီဖြင့် လားရှိုးမြို့ကို ကျည်မဖောက်ဘဲ ပြန်ရယူခဲ့သော စစ်ကော်မရှင်တပ်က ရမခ စစ်ဌာနချုပ် မပိတ်မိစေရန် လားရှိုးမြို့အဝင်အထွက်ဖြစ်သော လားရှိုး-သီပေါ၊ လားရှိုး-မိုင်းရယ်လမ်းများမှ ကိုးကန့်တပ်များ ဆုတ်ပေးရန် တောင်းဆိုနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား စစ်ကော်မရှင်က ပြန်လွှဲယူပြီး ရှစ်လနီးပါးကြာမြင့်ပြီးနောက် ဆေးရုံနှင့် ကျောင်းများ ပြန်ဖွင့်နေပြီဖြစ်သော်လည်း မြို့ဝင်ပေါက်၊ ထွက်ပေါက်လမ်းများနှင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးတို့ကို ကိုးကန့်တပ် (MNDAA) က ဆက်လက်ထိန်းချုပ်ထားသည်။
မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါသည်။
တရုတ်နယ်စပ်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် လားရှိုးမြို့သည် ဒုတိယကမ္ဘာစစ်ကာလတွင် တရုတ်၊ ဂျပန်နှင့် မဟာမိတ်တပ်များ စစ်စခန်းချရာမြို့အဖြစ် ထင်ရှားခဲ့သည်။
၁၉၇၀ နောက်ပိုင်း တရုတ်နယ်စပ်မှ အင်အားပြန်လည်ကြီးထွားလာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လှုပ်ရှားမှုများ ထိန်းချုပ်ရန်အတွက် ရမခ တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ထားရှိရသည်အထိ စစ်ရေးအရ အရေးပါသည့် မြိုတစ်မြို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မီးရထားလမ်းဆုံးမြို့တစ်မြို့လည်း ဖြစ်ကာ တရုတ်အစိုးရ အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအတွက်လည်း အဓိကကျသည့် မြို့လည်းဖြစ်သည်။
ထိုသို့ အရေးပါသည့် မြို့အား ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကိုးကန့်တပ်(MNDAA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက စတင် တိုက်ခိုက်ခဲ့သည်။
တစ်လကျော်အကြာ ဩဂုတ်လ ၃ ရက်နေ့တွင် ရမခ တိုင်းစစ်ဌာနချုပ်အား ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်အတွက် ပထမဆုံး လက်လွှတ်ခဲ့ရသော တိုင်းစစ်ဌာနချုပ်အဖြစ် သမိုင်းတွင်ကျန်ခဲ့သည်။
စစ်ရှုံးခဲ့သော စစ်တပ်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မိုင်းရယ်မြို့တွင် ယာယီဖွင့်လှစ်လိုက်ရပြီး ထိုမြို့ အရှေ့ဘက်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တန့်ယန်းမြို့ရှိနေသည်။

တရုတ်ဖိအားကြောင့် ယခုနှစ် ဧပြီလတွင် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်အား ကိုးကန့်တပ်က စစ်တပ်ထံ ပြန်လွှဲပေးခဲ့သော်လည်း လားရှိုးမြို့ရှောင်လမ်းအပါအဝင် ကျန်ကျေးရွာအုပ်စု ၇၅ ခုကို ဆက်လက် ထိန်းချုပ်ထားသည်။
ထိုသို့ ပြန်လွှဲပြီးနောက် လားရှိုးမြို့ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်နှင့် စစ်တပ်တို့ ဒေသတွင်း နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာမှုမရှိစေရန် လစဉ် ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင်သာ စစ်တပ်အုပ်ချုပ်ရေး ရှိသော်လည်း မြို့အထွက် ကျေးရွာများနှင့် သီပေါ၊ မိုင်းရယ် မြို့နယ်အတွင်းရှိ ကျေးရွာအချို့ပါ ကိုးကန့်တပ်ဖွဲ့၏ မြို့ပြအုပ်ချုပ်ရေးအောက် ရှိနေကြသည်။
ထိုအခြေအနေသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိခဲ့သော လားရှိုးမြို့သည် ထွက်ပေါက်မရှိဘဲ ကိုးကန့်တပ်၏ ဝိုင်းပိတ်ခြင်းခံနေရမှု ဖြစ်ပေါ်နေသည်။
ထို့ကြောင့် စစ်ကော်မရှင်က ရမခ ထွက်ပေါက်ရရန် မိုင်းရယ်- သီပေါ၊ မိုင်းရယ်- လားရှိုးလမ်းကြောင်း ပြန်ရရန် ထိုနေရာများမှ ကိုးကန့်တပ်များကို ဆုတ်ခွာစေလိုပြီး ကိုးကန့်တပ်က လက်မခံသဖြင့် ဆွေးနွေးမှုများ ထပ်လုပ်နေကြသည်ဟု ကိုးကန့်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုကြသည်။

ဆွေးနွေးမှုရလဒ်များအပေါ် နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ကိုးကန့်တပ်ဘက်မှ မိုင်းရယ်-လားရှိုးလမ်းတွင် စစ်အင်အား ဖြည့်ခြင်း၊ စစ်တပ်ဘက်မှ ခရီးသွားလာသည့် လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းတို့ကြောင့် တိုက်ပွဲ ပြန်ပေါ်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။
“အခု မိုင်းရယ်ဘက်မှာ ကိုးကန့်က ဆုတ်မယ် ပြောလိုက်၊ မဆုတ်ဘူး ပြောလိုက်၊ လမ်းတွေ ပိတ်လိုက် ဖွင့်လိုက်နဲ့ သီပေါမှာလည်း လမ်းက ပိတ်ထားတယ်။ လားရှိုးက ကြားညှပ်နေတာ၊ တစ်ခုခုဖြစ်ရင် ထွက်ပေါက်က မရှိဘူး” ဟု အသက် ၅၀ အရွယ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုလ ၁၄ ရက်နေ့မှ စတင်ကာ သီပေါ၊ လားရှိုးလမ်းပိုင်းရှိ သီပေါတံတားအား စစ်တပ်က ပိတ်ထားပြီး လဝက်ကြာသည်အထိ ပြန်မဖွင့်သေးပေ။
ကုန်စည်သယ်ယူပို့ဆောင်ရေး
လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက် အဝင်အထွက်အား မယ်ဟန်ရွာ၊ အေတီတံတားနှင့် လားရှိုး မြို့ရှောင်လမ်း စသည့်နေရာသုံးခုတွင် စစ်တပ်က ဂိတ်များချထားကာ စစ်ဆေးနေသည်။
ထို့ပြင် တရုတ် ဘက်မှလာသော ကုန်စည်များအား မြို့တွင်းသို့ အဝင်မခံသဖြင့် လားရှိုးမြို့ပေါ်ထက် ကိုးကန့် (MNDAA) ထိန်းချုပ်ရာ မြို့ပြင် ကျေးရွာများသည် ပိုစည်ကားလာသည်ဟု မြို့ခံများထံက သိရသည်။

“အေတီတံတားမှာက အဖွဲ့စုံဆိုပြီး ဌာနဆိုင်ရာ ၁၀ ဖွဲ့ရှိတယ်။ မူဆယ်ဘက်က ဘာတရုတ်ပစ္စည်းမှ မြို့ထဲဝင်လို့ မရဘူး။ အဲဒီတော့ ကုန်တွေက မြို့ပြင်မှာပဲစုတော့ မယ်ဟန်နဲ့ ဟိုပိတ်ရွာဘက်က ပိုစည်နေတာ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းအား ဆက်သွယ်ထားသည့် နမ့်လမ်၊ ကျောက်ဂူလမ်းပိုင်းအား တရားမဝင် ကုန်သွယ်မှုတားဆီးရေး အကြောင်းပြချက်ဖြင့် စစ်တပ်က ပိတ်လိုက်ဖွင့်လိုက် ပြုလုပ်နေရာ ခရီးသွားများနှင့် ကုန်သည်များ အခက်တွေ့နေကြရသည်ဟု လားရှိုးမြို့ခံ ကုန်သည်များထံက သိရသည်။
လားရှိုး- မိုင်းရယ်လမ်းအား စစ်တပ်ဘက်က ဖွင့်ထားသော်လည်း ကုန်စည်သယ်ဆောင်မှုများ ပိတ်ဆို့ထားသဖြင့် ကုန်သွယ်ရေး အားထားနေရသည့် လားရှိုးမြို့ခံများ အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဆိုသည်။
စစ်တပ်အုပ်ချုပ်ရေးရှိနေသည့် လားရှိုးမြို့အခြေအနေ

စစ်တပ်ပြန်ဝင်လာသည်မှာ ရှစ်လနီးပါးရှိပြီဖြစ်သော်လည်း မြို့တွင်းလျှပ်စစ်မီးသည် ပုံမှန်အတိုင်းမရသေးဟု ဒေသခံများထံက သိရသည်။
“လေးရက်မှာ တစ်ကြိမ်ကို နှစ်နာရီလောက်ပဲ ရတာကို မီးက မမှန်ပါဘူး။ ဆိုလာတို့ မီးစက်တို့ပဲ အားကိုးပြီး လုပ်နေရတာ” ဟု အထက်ပါလားရှိုးမြို့ခံ အမျိုးသားက ဆိုသည်။
လားရှိုးမြို့အား လျှပ်စစ်မီးပေးသည့် ဓာတ်အားခွဲလိုင်းရုံအချို့သည် ကိုးကန့်နှင့်တအာင်းတပ် ထိန်းချုပ်နယ် မြေများတွင် ရှိနေသည်။
လားရှိုးမြို့ဆင်နှစ်ကောင် ဟိုတယ်တွင် ကိုးကန့်နှင့် စစ်တပ်တို့ လစဉ် ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးကိစ္စအား ထည့်သွင်း ဆွေးနွေးလေ့ရှိသည်ဟု ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများက ပြောသည်။
စစ်တပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံ၊ စစ်ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများ ပြန်လည်ဖွင့်ထားသည်။ မြို့ခံအများစုအားထားရသည့် ခုတင် ၅၀၀ ဆေးရုံတွင် ဆရာဝန်နှင့် သူနာပြု အင်အားလိုအပ်ချက် ရှိနေပြီး ဆေးဝါး လုံလောက်မှုမရှိသေးဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောပြကြသည်။
“ဆေးရုံကြီးမှာက တချို့ဆရာဝန်တွေ အစုံမရောက်သေးဘူး။ ရှိတဲ့ ဆရာဝန်တချို့ကတော့ အပြင် ဆေးခန်းတွေမှာ တွဲထိုင်နေတာ। ဆေးရုံမှာ မရှိတဲ့ ဆေးတွေကိုတော့ အပြင်မှာ ရှာဝယ်ရတာပေါ့” ဟု ကိုယ်တိုင် ကြုံခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်လည်း ဆေးဝါးပြတ်လပ်မှုများနှင့်လည်း ကြုံရသည်ဟု သိရသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန လက်အောက်ခံ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားပြီး မြို့အထွက်၌ ကိုးကန့်တပ်၏ စာသင်ကျောင်းများ ဖွင့်လှစ်ထားသည်။
ယခုလ ၂၄ ရက်နေ့တွင် စစ်ကော်မရှင်က လားရှိုးတက္ကသိုလ်အား ပြန်ဖွင့်ပေးခဲ့သည်။ မြို့တွင်းရှိ ပညာရေးတက္ကသိုလ်အား ပြန်ဖွင့်ရန် စစ်တပ်က ပြင်ဆင်နေသည်ဟု မြို့ခံတို့က ဆိုသည်။
လားရှိုးမြို့တွင် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များ ရှိသော်လည်း အဆိုပါ တက္ကသိုလ်များသည် ကိုးကန့်ထိန်းချုပ်မှုအောက်ရှိ မယ်ဟန်နှင့် ဟိုပိတ်ရွာတွင် ရှိနေ၍ ပြန်ဖွင့်နိုင်ခြင်း မရှိသေးဟု မြို့ခံများထံမှ သိရသည်။
စစ်တပ်ပြန်ဝင်ပြီးနောက် လားရှိုးမြို့တွင်း၌ မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ခိုးဆိုးလုယက်မှုများ ပြန်များလာသည်ဟု မြို့ခံများက ဆိုသည်။
“ကိုးကန့်တုန်းက ဖမ်းပြတာများတယ်။ အဲဒီနောက်ပိုင်း အတော်ငြိမ်သွားတာ။ အခုက ရပ်ကွက်ထဲက နေရာတော်တော်များများမှာ ဘိန်းစားတွေ ပြန်များလာပြီ။ ပစ္စည်းတွေပျောက်တာလည်း ခဏခဏပဲ” ဟု လားရှိုးမြို့ခံ အမျိုးသား နောက်တစ်ဦးကလည်း ပြောသည်။
စစ်တပ်အုပ်ချုပ်ပြီးနောက် လေကြောင်းဗုံးကြဲမှု မရှိတော့၍ စစ်ရှောင်နေသည့် မြို့ခံထက်ဝက်ကျော် နေရပ်ပြန်လာသော်လည်း အရောင်းအဝယ်သည် အရင်လို ပုံမှန်မဖြစ်ဟု လားရှိုးမြို့ခံများက ပြောသည်။
“လူတွေက စစ်ရှောင်ပြီး ငွေကုန်ပြီး ပြန်လာကြတာ မြို့ထဲလူပြန်များလာတာပဲ ရှိတယ်။ စီးပွားရေး မရှိတော့ အလုပ်မဖြစ်တော့ ဘယ်သူမှ သိပ်မသုံးနိုင်ဘူး။ အရင်လို အရောင်းအဝယ် မဖြစ်ဘူး” ဟု လားရှိုး မြို့မဈေးတွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။
လားရှိုးမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုတည်းသာ ပြန်လည်ဖွင့်လှစ်ထားပြီး ကျန် ပုဂ္ဂလိကဘဏ်များ ပြန်မဖွင့်သေးဟု မြို့ခံတို့က ဆိုသည်။
နေရပ်ပြန်လာသော မြို့ခံအများစုသည် စီးပွားရေးအဆင်မပြေ၍ နေအိမ်၊ ဆိုင်ခန်များအား သင့်လျော်သည့် ဈေးဖြင့် ပြန်လည်ရောင်းချနေကြပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသို့ ပြောင်းရွှေ့သွားကြသူများလည်း ရှိသည်ဟု သိရသည်။

ကိုးကန့်နှင့် စစ်တပ်တို့၏ လားရှိုးတိုက်ပွဲ ပြင်းထန်ခဲ့သည့် တစ်လအတွင်း လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အပါအဝင် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်နှင့် တအာင်းတပ် တို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။
ကိုးကန့်တပ်က လားရှိုးမြို့အား အုပ်ချုပ်ခဲ့သည့် ရှစ်လအတွင်း စစ်တပ်ကလေကြောင်းမှ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားတစ်ဦး၊ အချုပ်သားနှစ်ဦးအပါအဝင် မြို့ခံ ၁၀ ဦးဝန်းကျင် ထပ်မံသေဆုံးခဲ့ပြီး ၁၀၀ နီးပါး ဒဏ်ရာရခဲ့သည်ဟု မြို့ခံများက ဆိုသည်။
ဟိုတယ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ မြို့မဈေးအပါအဝင် လူနေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့သည်ဟု မြို့ခံများထံက သိရသည်။
စစ်ကော်မရှင် သန်းခေါင်စာရင်းအရ လားရှိုးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၇၅ စု ရှိသည်။ ရှမ်းတိုင်းရင်းသားက အများစု ဖြစ်ပြီး ကိုးကန့်၊ ဗမာ၊ ပလောင်၊ ကချင် အပြင် မုန်းဝန်း၊ ဝ၊ လားဟူ၊ မြောင်ဇီး၊ လီဆူ၊ ဟိန္ဒူနှင့် ဂေါ်ရခါး လူမျိုးများလည်း နေထိုင်ကြသည်။
မြို့ပေါ် ရပ်ကွက် ၁၂ ခုတွင် လူဦးရေ တစ်သိန်းခွဲနီးပါး နေထိုင်ပြီး ကျန်ထက်ဝက်သည် ကျေးရွာများ၌ နေထိုင်ကြသည်။ တိုက်ပွဲကာလအတွင်း မြို့ပေါ်ရပ်ကွက် ၁၂ ခုမှ လူဦးရေ တစ်သိန်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်။
တရုတ်အစိုးရ ကြားဝင်မှုကြောင့် စစ်တပ်နှင့် ကိုးကန့်တပ်တို့ ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ တွင် အပစ်ရပ်ခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန်ရွှီကျွင်း ကြားဝင်မှုဖြင့် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား ကိုးကန့်တပ်က စစ်တပ်ထံသို့ ယခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပြန်လွှဲ ပေးခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင် လားရှိုးမြို့မှ ကိုးကန့်တပ်များ ဆုတ်ခွာသွားခဲ့သည်။
လားရှိုး၏ ယခုအခြေအနေသည် နိုင်ငံရေးအရ နှစ်ဖက်အကျေအလည်ဆွေးနွေးမှုဖြင့် ရရှိထားသည့် အခင်းအကျင်းမဟုတ်ဘဲ တရုတ်နိုင်ငံ၏ ပြင်းထန်သော ဖိအားကြောင့် ရှိနေသည့် အခြေအနေမျှသာ ဖြစ်သည်။
နှစ်ဖက် ပွတ်တိုက်မှုများ၊ ပဋိပက္ခများရှိနေသော်လည်း လက်ရှိအခြေအနေအရ ညှိနှိုင်းမှုများဖြင့် ရှေ့ဆက်နိုင်သည့်သဘောဖြစ်သည်။ သို့သော် နှစ်ဖက်တပ်များကြား ထိုအခြေအနေများသည် အစဉ်တည်မြဲနေမည်ဟု လှေနံဓားထစ် သတ်မှတ်ထား၍တော့ မရနိုင်ပေ။


Leave a Reply