The Grand Heist

The Grand Heist (2012)

သမိုင်းနောက်ခံ ဇာတ်လမ်းတွေကို နှစ်သက်သူတွေအတွက် 2012တုန်းက ထွက်ရှိခဲ့တဲ့ The Grand Heist ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားမှာ ဒေါ့မူ အဖြစ် မင်းသားကြီး Cha Tae-hyun, ဒုံဆူ အဖြစ် မင်းသားကြီး Oh Ji-ho တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Min Hyo-rin, မင်းသားကြီး Sung Dong-il နဲ့ တခြားသော နာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း

ရေခဲက ရွှေလောက်တန်ဖိုးကြီးတဲ့ ဂျိုဆွန်းခေတ် နှောင်းပိုင်းကာလမှာ အကျင့်ပျက်အရာရှိတွေက နန်းတွင်းမှာရှိတဲ့ ရေခဲတွေကို လက်ဝါးကြီးအုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေခဲ့ပါတယ်။

စိတ်ထားကောင်းတဲ့ စာအုပ်သည်လေး ဒေါ့မူဟာ မှူးမတ်တစ်ဦးရဲ့ တရားမဝင်သားတစ်ယောက်ဖြစ်ပြီး သူ့ဖခင် မဟုတ်မမှန် စွပ်စွဲခံခဲ့ရတာကြောင့် ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့နောက်မှာတော့ သူ ပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် မတရားမှုကို တိုက်ဖျက်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူဟာ ရဲရင့်တဲ့ အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။

ဒုံဆူ ကတော့ တစ်ချိန်က နန်းတွင်းရေခဲတိုက်ရဲ့ အစောင့်တပ်မှူးတစ်ဦး ဖြစ်ခဲ့ပေမဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ မဟုတ်မမှန် စွပ်စွဲခံခဲ့ရတာကြောင့် ရာထူး‌ရော၊ ဂုဏ်သိက္ခာပါ ရုပ်သိမ်းခံလိုက်ရသူတစ်ဦးပါ။

သစ္စာစောင့်သိမှုနဲ့ တာဝန်ကျေပွန်ဖို့ လေ့ကျင့်ပေးခံထားရသူဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ တရားမျှတမှုအတွက် ဒေါ့မူရဲ့ အစီအစဉ်မှာ ပူးပေါင်းဖို့ အကြောင်းစီမံလာခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ ပညာရပ်အသီးသီးမှာ ကျွမ်းကျင်ကြတဲ့ တခြားသော အဖွဲ့သားတွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုတွေကို အဆုံးသတ်ကာ တရားမျှတမှုကို ဖော်ဆောင်ဖို့အတွက် တစ်ညတည်းနဲ့ နန်းတွင်းရေခဲတိုက်တစ်ခုလုံးကို ခိုးထုတ်မယ့် စွန့်စားခန်းကြီးကို စတင်ကြပါတော့တယ်။

ဒီ ဇာတ်ကားလေးဟာ ဉာဏ်နီ ဉာဏ်နက်တွေ၊ ဟာသတွေနဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ ပြည့်နှက်နေတဲ့ ပျော်စရာ၊ စိတ်လှုပ်ရှားစရာ ခံစားချက် ပေါင်းစုံ ပါဝင်နေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုဖို့ညွှန်းပေးလိုက်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *