မင်းအောင်လှိုင်က ကျားဖြန့်လုပ်ငန်းခွင်တချို့နှင့် သက်သေအထောက်အထားများ ဖျက်ဆီးနေချိန်တွင် KNU က ဖမ်းမိသည့် သက်သေပစ္စည်းများ မပျောက်ပျက်စေရန် ဂရုစိုက်လုပ်ကိုင်နေသည်။

KK Park ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးရှင်းလင်းဆောင်ရွက်သွားမည်ဟု ဟစ်ကြွေး လျက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကျားဖြန့်သက်သေအထောက်အထားများကို အစဖျောက် ဖျက်ဆီးနေချိန်၊ ထိုနေရာနှင့် မဝေးလှသော မင်းလက်ပံကျေးရွာရှိ Shunda Park ဟု အမည်ရသော ကျားဖြန့်လုပ်ငန်းခွင်ကို ကရင် အမျိုးသားအစည်းအရုံး (KNU) က ဝင်ရောက်စီးနင်းပြီး၊ လုပ်ငန်းသက်သေ အထောက်အထား အမြောက်အများကို အိမ်နီးချင်းထိုင်းနိုင်ငံ အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ထိုသို့ ဝင်ရောက်စီးနင်းချိန် တရုတ်နိုင်ငံသား အများစု နှင့် နိုင်ငံစုံမှ နိုင်ငံခြားသားရာထောင်ချီကို ထိုဝန်းအတွင်းရှိ အဆောက်အအုံ ၂၀ ခန့်တွင် တွေ့ရှိခဲ့ကြသည်။

ယင်းသည် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့က အာဏာသိမ်းစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့၏ ကျားဖြန့်နှိမ်နင်းနေခြင်းလား၊ ကျားဖြန့်သက်သေများ ဖျောက်ဖျက်နေခြင်းလား မကွဲပြားသော ဝရုန်းသုန်းကား နေ့ရက်များအတွင်း KNU ၏ သီးခြား ကျားဖြန့်နှိမ်နင်းရေး လှုပ်ရှားမှုအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မင်းအောင်လှိုင်စစ်တပ်နှင့် စောချစ်သူ BGF တပ်များက KK Park နှင့် ရွှေကုက္ကိုမှ ကျားဖြန့်နှိမ်နင်းပုံ၊ KNU ၏ Shunda Park ကို ကိုင်တွယ်ပုံတို့မှာ အလွန်ကွဲပြားခြားနားကြောင်း နိုဝင်ဘာလ ၂၅ ရက် နေ့ KNU ၏ ပထမအကြိမ် ထုတ်ပြန်ချက်က သက်သေခံလျက်ရှိသည်။

မင်းလက်ပံ ကျားဖြန့်ဝန်းကို မည်သည့်နိုင်ငံက စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးခဲ့သလဲ

KNU သည် Shunda Park ကို ဝင်ရောက်စီးနင်းပြီး၊ ကျားဖြန့်ဂိုဏ်းတွင် လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသား အများစုပါဝင်သည့် နိုင်ငံစုံမှ နိုင်ငံခြားသားများကို စနစ်တကျ မှတ်တမ်းရယူခြင်း၊ ကျားဖြန့်ဂိုဏ်း အသုံးပြုသော ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများကို သက်သေအထောက်အထားအဖြစ် စနစ်တကျ သိမ်းဆည်းခြင်း၊ လူ နှင့် သက်သေခံပစ္စည်းများကို “ထိုင်းနှင့် နိုင်ငံတကာအာဏာပိုင်များ” (Relevant Thai and International Authorities) ထံ လွှဲပြောင်းပေးအပ်ရေးကို အလျင်အမြန်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သလို နိုင်ငံတကာကိုလည်း အကူအညီများ နေ့စဉ်ရက်ဆက် တောင်းခံနေသည်ကို ကြားသိနေရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ KNU ၏ ဒုတိယအကြိမ် ထုတ်ပြန်ချက်တွင် “သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိများ” (Relevant Investigative officers) က မင်းလက်ပံ Shunda Park ကျားဖြန့်ဝန်းသို့ ရောက်ရှိလာပြီး KNU သိမ်းဆည်းထားသော သက်သေအထောက်အထားများကို စစ်ဆေးခဲ့ကြသည် ဟု ဖော်ပြထားသည်။

KNU ထုတ်ပြန်ချက်များအထဲ သတိထားမိသော ထူးခြားသည့် အသုံးအနှုန်းများမှာ “နိုင်ငံတကာ အာဏာပိုင်များ”၊ “သက်ဆိုင်ရာ အာဏာပိုင်များ”၊ “သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိများ” စသည်တို့ဖြစ်ပြီး၊ မည်သည့် နိုင်ငံကို ရည်ညွှန်းကြောင်း တိတိကျကျ ဖော်ပြမထားပါ။

သို့ရာတွင် မကြာသေးမီက အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များအရ အမေရိကန်တရားရေးဌာန၊ ထောက်လှမ်းရေး အေဂျင်စီများနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီတို့ ပါဝင်သော Scam Center Strike Force (SCSF) ကို ဖွဲ့စည်းသည်၊ ထိုအဖွဲ့သည် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရေး လုပ်ဆောင်နေသည် ဟု ဆိုသည်။ ထိုအချက်ကို ထောက်ရှုလျှင် မင်းလက်ပံကျားဖြန့်လုပ်ငန်းခွင်မှ လွှဲပြောင်းပေးခဲ့သော လူနှင့် သက်သေခံပစ္စည်းများကို ထိုင်းရဲတပ်ဖွဲ့နှင့် SCSF အဖွဲ့တို့ ပူးပေါင်းစစ်ဆေးနေဖွယ်ရှိသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ တတိယအကြိမ် ထုတ်ပြန်ချက်တွင် ထိုလုပ်ငန်းခွင်မှ နိုင်ငံခြားသား ၇၈၂ ဦးကို နိုဝင်ဘာလ ၂၃၊ ၂၄၊ ၂၅ နှင့် ၂၈ ရက်နေ့များတွင် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည် ဟု ဖော်ပြထားသည်။ ထို့အပြင် သိမ်း ဆည်းရမိသော ကွန်ပျူတာ ၆ လုံး၊ iPhone ၆၀၄ လုံး၊ အမဲရောင် မှတ်စုစာအုပ် ၁ အုပ်၊ ဘဏ်ကတ် ၁၆ ခု၊ USB Drive ၁ ခု၊ တရုတ်နိုင်ငံသား ပတ်စ်ပို့ ၆ ခု၊ ဈေးဝယ်ကတ်ပြား (Shopping membership card) ၁ ခု တို့ကို ထိုင်းအာဏာပိုင် များထံ လွှဲပြောင်းပေးခဲ့သည်။

KNU က ထိုသို့ စီးနင်းမိပြီး ချက်ချင်း အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား စိတ်ဝင်စားမှု ချက်ချင်းမြင့်တက်လာခဲ့သည်။ KNU ၏ အရေးပေါ် အကူအညီတောင်းခံမှုကို လစ်လျူရှုရန် ခက်ခဲသော ထိုင်းအစိုးရနှင့် (ဘန်ကောက်အခြေစိုက်ဟု ယူဆ ရသော) နိုင်ငံတကာ သံရုံးများ၏ တုံ့ပြန်ဆက်သွယ်မှုကိုလည်း လက်ခံရရှိနေကြောင်း KNU ၏ ထုတ်ပြန် ချက်များတွင် ဖော်ပြထားသည်။

စင်စစ် ထိုင်းအစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ နယ်စပ်ဒေသပြဿနာများ ဖြစ်ပေါ်လာသည့်အခါ နေပြည်တော်ရှိ မင်းအောင်လှိုင်၏ စစ်ကော်မရှင်နှင့်သာ တိုက်ရိုက်ထိတွေ့ဆက်ဆံသည်။ ယခင် BGF ထိန်းချုပ်နယ်မြေထဲမှ ဖမ်းမိသော ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ နိုင်ငံခြားသားများကို လွှဲပြောင်းလက်ခံစဉ်က စစ်ကော်မရှင်ခွင့်ပြုချက်ဖြင့် BGF အဖွဲ့နှင့် ထိုင်းအာဏာပိုင်တို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခု မင်းလက်ပံကိစ္စတွင် KNU နှင့်တိုက်ရိုက်ဆက်သွယ်ပြီး၊ နိုင်ငံခြားသား ၇၈၂ ဦးကို ချက်ချင်းလက်ခံခဲ့မှုသည် ထိုင်းအစိုးရ၏ မြန်ဆန်သော တုံ့ပြန်ဆောင်ရွက်ချက် အဖြစ် တွေ့မြင်ရသည်။

သို့သော် ထိုင်းအစိုးရက KNU နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နေမှုများကို မင်းအောင်လှိုင် ကန့်ကွက်မည်မှာ သေချာပါသည်။ အကြောင်းမှာ ပထမအကြိမ် လူပေါင်း ၇၈၂ ဦးကို လက်ခံထားပြီး ဖြစ်သော ထိုင်းအစိုးရသည် သောင်ရင်းမြစ် တစ်ဖက်ကမ်း မြန်မာဖက်အခြမ်းတွင် သောင်တင်နေသော နောက်ထပ်ရာနှင့်ချီသည့် နိုင်ငံခြားသား များကို ထပ်မံလက်ခံရန် ခက်ခဲနေခြင်းက ထိုအချက်ကို ဖော်ပြလျက်ရှိသည်။ ထို့အပြင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီ ကလည်း ထိုင်းအစိုးရက ၎င်းတို့ကို အသိအမှတ်ပြုဆက်ဆံရန် ခက်ခဲနေပုံကို ငြီးတွားပြောဆိုခဲ့သည်။

ထို့ကြောင့် မင်းလက်ပံ ကျားဖြန့်ဂိုဏ်နှိမ်နင်းရေးဖြစ်စဉ်တွင် နိုင်ငံနှစ်ခု၏ နယ်စပ်ဒေသအခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇဝဏ်ဂိုဏ်းများကို နှိမ်နင်းရာတွင် အိမ်နီးချင်းနှစ်နိုင်ငံ၏ အချုပ်အခြာအာဏာဆိုင်ရာ စိန်ခေါ်မှုများနှင့် အရှုပ်အထွေးများကို မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်သည်။

KNU သည် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း (non-state armed organization) ဖြစ်နေခြင်း၊ မင်းအောင်လှိုင် စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်း စသည့်အချက်များကြောင့် KNU နှင့် ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲနေမည်လား၊ ဒါမှမဟုတ် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသော စစ်တပ်နှင့် ၎င်း၏ သစ္စာခံ BGF နှင့် DKBA ကဲ့သို့ ကျားဖြန့်ဂိုဏ်းများကို လက်ခံအကာအကွယ်ပေးနေသော လက်နက်ကိုင် အဖွဲ့ အစည်းများနှင့်သာ ဆက်သွယ်လုပ်ဆောင်မည်လား ဆိုသည်ကို ထိုင်းအစိုးရနှင့် နိုင်ငံတကာရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့များ အလေးအနက်ထား ဆုံးဖြတ်ရွေးချယ်ရပေလိမ့်မည်။

အမေရိကန် SCSF တိုက်ရိုက်ပါဝင်လာမည်ကို အကြောက်ဆုံးသူ မင်းအောင်လှိုင်

မင်းလက်ပံ ကျားဖြန့်ဂိုဏ်းကို KNU စတင်စီးနင်း ဖြိုခွင်းချိန်မှစ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်ရုံး၊ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက KNU ကို ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်လာသည်ကို လေ့လာ တွေ့ရှိရသည်။ ထိုသို့တိုက်ခိုက်ခြင်းနောက်ကွယ်တွင် စစ်ကော်မရှင် အကြီးအကျယ် စိုးရိမ်နေသော အကြောင်းတရားများ သေချာပေါက် ရှိနေနိုင်ပါသည်။

ယခုရက်ပိုင်းအတွင်း ဇော်မင်းထွန်းသည် KNU က မြဝတီမြို့ မြန်မာ-ထိုင်း နယ်စပ် သောင်ရင်းမြစ်ဘေးတစ်လျှောက် မင်းလက်ပံ၊ KK Park စသည့် နေရာများတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ လုပ်ဆောင်နေသည် ဟု အကြိမ် ကြိမ် စွပ်စွဲလာပုံမှာ ထိုင်း၊ အမေရိကန်နှင့် နိုင်ငံတကာတို့ သိရှိထားသော ဖြစ်ရပ်မှန်များနှင့် များစွာကွဲလွဲနေသည်။ KNU ကို တရားခံအဖြစ် ထိုးချနေခြင်းပင်။

ဇော်မင်းထွန်း၏ အပြုအမူများက မင်းလက်ပံအပါအဝင် မြဝတီမြို့တစ်ခုလုံးရှိ ကျားဖြန့်ဂိုဏ်းများအားလုံးကို အမေရိကန်၏ SCSF က အင်အားသုံး တိုက်ရိုက်ဖြိုခွင်းနှိမ်နင်းပေးရန် KNU က ဖိတ်ခေါ်ကြိုဆိုနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန် ကိုယ်ထိလက်ရောက် ပါဝင်လာမည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် မည်မျှစိုးရိမ်နေကြောင်း ဇော်မင်းထွန်း အပြုအမူများက ပေါ်လွင်ထင်ရှားလျက် ရှိသည်။

အာဏာသိမ်းစစ်တပ်နှင့် မင်းအောင်လှိုင် စိုးရိမ်မည်ဆိုလည်း စိုးရိမ်လောက်ပေသည်။ သမ္မတထရမ့်သည် မှန်းဆရ အခက်ခဲဆုံး အမေရိကန်သမ္မတတစ်ဦးအဖြစ် ထင်ရှားပြီး၊ မည်သူမျှ ထင်မှတ်မထားသော တောင်အမေရိကတိုက် ဗင်နီဇွဲလားနိုင်ငံသမ္မတကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးဂိုဏ်းများကို ပစ်မှတ်ထား၍ စစ်ရေး အရ နှိမ်နင်းရန်အထိ ပြင်ဆင်နေသည် မဟုတ်ပါလား။

ဩဂုတ်လ ၇ ရက်နေ့က ဗင်နီဇွဲလား သမ္မတ Nicolás Maduro သည် မူးယစ်းဆေးဝါးဂိုဏ်းများနှင့် ပတ်သက် ဆက်နွယ်ကြောင်း သတင်းပေးနိုင်လျှင် ဒေါ်လာ ၅၀ သန်း ပေးမည်ဟု အမေရိကန် ရှေ့နေချုပ်က ဆုကြေး ထုတ်ပြန်ခဲ့ပြီး၊ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်သို့ အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုကို စေလွှတ်ထားပြီး၊ မူးယစ်ဆေးဝါးသယ်ဆောင်သော ရေယာဉ်များကို ပစ်ခတ်ဖြိုခွင်းလျက်ရှိသည်။ ယခုနောက်ဆုံးအခြေအနေမှာ သမ္မတတရမ့်ကိုယ်တိုင် ဗင်နီဇွဲလားလေပိုင်နက်ကို ပိတ်ဆို့လိုက်ပြီ ဟု ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။

ထိုအချင်းအရာများကို မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် စောင့်ကြည့်လေ့လာ မြင်တွေ့နေရသည် မဟုတ် ပါလား။ ထို့ကြောင့် KNU က မင်းလက်ပံကျားဖြန့်ဂိုဏ်းကို ဝင်စီးနင်းပြီး၊ အမေရိကန်ကို ဖိတ်ခေါ်နေသည် ဟု မင်းအောင်လှိုင်လက်ရုံး ဇော်မင်းထွန်းက စိုးရိမ်တကြီးရှိနေပြီး၊ မြဝတီနယ်စပ်တစ်လျှောက် ကျားဖြန့်လုပ်ငန်းများ အားလုံး KNU တစ်ဖွဲ့တည်းကသာ လုပ်ဆောင်နေသယောင် အတင်းအဓမ္မဝါဒဖြန့်လာခြင်း၊ ထိုကျားဖြန့်ပြဿနာ ကို KNU ဖက် မြှားဦးပြန်လှည့်ပေးနေခြင်းမှာ ရာဇဝတ်မှုကျူးလွန်ထားသော တရားခံက “ဘူးခံ” ငြင်းဆိုနေသကဲ့ သို့ တွေ့မြင်နေရသည်။

စင်စစ် မင်းလက်ပံ Shunda Park ကျားဖြန့်ငွေလိမ်ဂိုဏ်းကို လက်နက်ကိုင်အစောင့်အရှောက်များဖြင့် အဓိက အကာအကွယ်ပေး လုပ်ဆောင်နေသူမှာ DKBA ခေါင်းဆောင်တစ်ဦးဖြစ်သူ စိုင်းကျော်လှ ဖြစ်ပြီး၊ KK Park နှင့် ရွှေကုက္ကို ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးထားသူမှာ စောချစ်သူဦးဆောင်သော BGF ခေါင်းဆောင်များ ဖြစ်သည်။ အမေရိကန်အစိုးရသည် အဆိုပါ လက်နက်ကိုင်နှစ်ဖွဲ့နှင့် ၎င်းအဖွဲ့များ၏ ခေါင်းဆောင်တို့ကို အရေးယူ ပိတ်ဆို့ထားသည်။ ထိုသို့အရေးယူခြင်းကို အထောက်အထားမဲ့ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါဘဲ၊ သက်သေအထောက်အထားများနှင့်တကွ သေသေချာချာ လေ့လာခဲ့ပြီးမှ အရေးယူခဲ့ခြင်း ဖြစ်သည်။ ထူးခြားချက်မှာ ရွှေကုက္ကိုမြို့သစ်တွင် ကျားဖြန့်ငွေလိမ် လုပ်ငန်းအများအပြား တွေ့ရှိခဲ့သော်လည်း၊ မင်းအောင်လှိုင်သည် စောချစ်သူကို အပြည့်အဝ အကာအကွယ်ပေး ထားဆဲဖြစ်ပြီး၊ ဇော်မင်းထွန်းက စောချစ်သူအမည်ကိုပင် ထုတ်ဖော်ပြောဆိုရဲခြင်း မရှိပေ။

ကျားဖြန့်သက်သေအထောက်အထားများ အစဖျောက်ခြင်းက ရာဇဝတ်မှုမြောက်

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မင်းအောင်လှိုင်ကိုယ်တိုင် ဘားအံမြို့သို့ ရောက်ရှိလာပြီး KK Park ကျားဖြန့်ဝန်း တစ်ခုလုံးကို မိုင်းခွဲဖျက်ဆီး အစဖျောက်ရန် ညွှန်ကြားခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အတိအလင်း ဖော်ပြထားသည်။

ထိုလုပ်ရပ်သည် ရာဇဝတ်မှုမြောက်သည် ဟု ယခင် United State Institute of Peace (USIP) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက်တာ ဖြစ်ပြီး၊ လက်ရှိ Global Initiative against Transnational Organization Crime (GI – TOC) ၏ အကြီးတန်းပညာရှင် ဂျေဆင်တာဝါ (Jason Tower) က ထောက်ပြသည်၊ စစ်တပ်ဟာ ကျားဖြန့်သက်သေ အထောက်အထား များကို အစဖျောက်ခဲ့ခြင်းကို “ရာဇဝတ်မှု” ဟု ပြောဆိုလိုက်သည်။

“ပထမဆုံးအချက်ကတော့ ဒီဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ သက်သေတွေကို စစ်တပ် ရော၊ နယ်ခြားစောင့်တပ်ကပါ အစုလိုက်အပြုံလိုက် ဖျက်ဆီးနေပါတယ်။ သူတို့ စီးနင်းတယ်ဆိုတဲ့ ပထမ ကနဦး ရက်တွေမှာပဲ အဲ့ဒီလုပ်ငန်းတွေမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ အရေအတွက် သောင်းနဲ့ချီပြီး ရခဲ့ပါတယ်။ အဲ့ဒါတွေ အားလုံးကို စစ်တပ်က ဖျက်ဆီးပစ်ပါတယ်။ အဲ့ဒီပစ္စည်းတွေထဲမှာ ရှိနေတဲ့ အချက်အလက်တွေဟာ တကယ်တော့ ကမ္ဘာ့နေရာအနှံ့ ရိုက်ခတ်သက်ရောက်နေတဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ထားတယ်ဆိုတာကို ပြနိုင်တဲ့ သက်သေ အထောက်အထားတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ အပြုအမူက အဲ့ဒီသက်သေအထောက်အထားတွေကို လိုသလို ပုံဖော်တာမျိုးဆိုတာထက်ကို ကျော်လွန်ပြီး လုံးဝအစဖျောက်နေတဲ့လုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒါ ရာဇဝတ်မှု မြောက်ပါတယ်” ဟု ဂျေဆင်တာဝါ က BBC မြန်မာပိုင်း ကို ပြောဆိုခဲ့သည်။

KK Park ကို မိုင်းခွဲဖျက်ဆီးရန် မင်းအောင်လှိုင် တိုက်ရိုက်အမိန့်ပေးခဲ့သည့် ၎င်း၏နှုတ်ထွက်သက်သော အထောက် အထားများ ရှိထားပြီး ဖြစ်သလို၊ စစ်တပ်ဝါဒဖြန့်သတင်းစားများတွင်လည်း KK Park ထဲက အဆောက်အအုံများ တွင် စစ်ကော်မရှင် တပ်သားများ မိုင်းများ တပ်ဆင်နေပုံကို ဖော်ပြထားသည်။

သို့သော် မင်းလက်ပံ Shunda Park ကျားဖြန့်ဝန်းကို KNU က စီးနင်းပြီး၊ ပြည်တွင်းသတင်းမီဒီယာများကိုပါ ခေါ်ယူ ပြသခြင်း၊ နိုင်ငံအမည်မဖော်ပြသော်လည်း ထိုင်းနှင့် (အမေရိကန် SCSF ပါဝင်ခြင်းရှိမရှိ မသိရသော) စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ခေါ်ယူ၍ သိမ်းဆည်းမိထားသော သက်သေအထောက်အထားများကို စစ်ဆေးခွင့်ပေးခဲ့ခြင်း နှင့် ထိုသက်သေအထောက်အထားများကို ထိုင်းအစိုးရထံ လွှဲပြောင်းပေးခဲ့ခြင်းက ကျားဖြန့်သက်သေအထောက် အထားများကို အစဖျောက်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အရှိုက်ထိုးခံလိုက်ဘိသကဲ့သို့ ရှိခြေသည်။

မြန်မာ-ထိုင်းနယ်စပ် ကျားဖြန့်နှိမ်နင်းမှုသည် မြန်မာ-တရုတ်နယ်စပ် ကျားဖြန့်နှိမ်နင်းမှုနှင့် ကွာခြားပြီး၊ တရုတ် လူမျိုးများ အဓိက လုပ်ကိုင်နေသော ကျားဖြန့်ဂိုဏ်းများက အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလာခြင်းက အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုရှိမရှိ၊ တရုတ်၏ ထောက်ခံမှုနှင့်အကာအကွယ်ရရှိထားသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းကို သစ္စာခံထားသော ကရင်လက်နက်ကိုင်တပ်များဖြစ်သည့် BGF နှင့် DKBA တို့၏ ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေခြင်းအပေါ် တရုတ်နှင့်မတူသော အမေရိကန်၏ တုံ့ပြန်ဆောင်ရွက်မှုများ မည်သို့ရှိလာနိုင်သည်ကို စောင့်ကြည့်လေ့လာရန် လိုပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်သည် ဘိန်းဖြူနှင့် မက်သဖက်သမင်း မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ဖြန့်ဖြူးရာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်နေခြင်း၊ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းကို စစ်တပ်သစ္စာခံ လက်နက်ကိုင်တပ်ဖွဲ့များက နေရာထိုင်ခင်းနှင့် လုံခြုံရေး ပေးနေခြင်း၊ ထိုရာဇဝတ်စီးပွားရေးတွင် ရရှိသော ဒေါ်လာဘီလီယံပေါင်းများစွာထဲမှ စစ်ခေါင်းဆောင်များ အကျိုးအမြတ်ရရှိခံစားနေခြင်းတို့ကို အဆုံးသတ်နိုင်ရေးမှာ စစ်တပ်ကြီးစိုးသောချုပ်ကိုင်နေသော နိုင်ငံရေးစနစ်တစ်ခုလုံးကို အမြစ်လှန် ဖြိုချနိုင်မှ ရပေလိမ့်မည်။ အကြောင်းမှာ စစ်တပ်ကိုယ်တိုင် ရာဇဝတ် ဂိုဏ်းတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *