အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့အသုံးစရိတ်စာရင်းကို လင်းမြဖူးဆီ စာရင်းပြငွေထုတ်ခိုင်းခဲ့တဲ့ ပိုင်တံခွန်ရဲ့မိဘတွေအပေါ်ထားတဲ့ နောက်ကွယ်ကစိတ်ဓာတ်ကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး
အိမ်ပေးခဲ့တဲ့စာချုပ်မှာ အိမ်သားတွေအားလုံးကို ရှေ့နေနဲ့ လက်မှတ်ထိုးခိုင်းကတည်းက တစ်မိသားစုလုံး နာကျင်ခဲ့ရတယ်တဲ့

အခုဖြစ်နေတဲ့ပြသနာနဲ့ပတ်သက်ပြီး မိဘတွေခံစားနေရတာကို မကြည့်ရက်တော့လို့ ပထမဆုံးဖြေရှင်းခြင်းပါ။
အရင်ကတော့ လူတချို့ရဲ့အနှိမ်ခံပဲ ဖြစ်ခဲ့တာ။ ကောင်းပေးခဲ့ဖူးတဲ့အရာတွေကြောင့် ခေါင်းငုံ့သည်းခံပေးပြီး ငြိမ်ပေးနေခဲ့တာပါ။

ဘာသက်သေမှ မရှိလို့ လူတွေပြောနေသမျှက မှန်နေလို့ ကြောက်လို့ ငြိမ်နေခဲ့တာ မဟုတ်ပါဘူး။
အခု လူတွေစွပ်စွဲနေကြသလိုလည်း ငွေကြေးကြောင့် လုံးဝမဟုတ်တာ ကာယကံရှင်တွေသာ အသိဆုံးပါ။
ကိုယ့်မောင်ကို ချစ်တဲ့စိတ်နဲ့ မလုပ်ရက်ခဲ့လို့ အစ်မတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ စိတ်လျှော့ချခဲ့တာ။
နင့်ဆီက ငွေ မပြောနဲ့ နင့်ကိုယ်ရေးကိုယ်တာတောင် မိသားစုက ဝင်မစွက်ဖက်ခဲ့ဖူးဘူးနော်။
နင် ကောင်းစားဖို့အတွက်ပဲ ဘာအကျိုးမှ မမျှော်ကိုးခဲ့ပဲ တတ်နိုင်သလောက် ကူညီပေးခဲ့ကြတာ။ ငါတို့ရယူခဲ့တာ ဘာမှမရှိခဲ့ဘူး။

ကိုယ့်ဘဝအတွက်တောင် မကြည့်ခဲ့ပဲ နင့်အနားမှာ နှစ်အကြာကြီး ထမင်းစားကျွန်ဘဝနဲ့ နေပေးခဲ့တာ နင့်ကို သိပ်ချစ်လို့။
နင့်ကို သိစေချင်တာ တစ်ခုပဲရှိတယ်။ ကိုယ့်မိသားစုကို ကိုယ်မှတန်ဖိုးမထားပေးရင် ကိုယ်မှ ကာကွယ်မပေးရင် အပြင်လူက ဝင်စော်ကားဖို့ အေးဆေးပဲ။
ငါကလည်း သူများကို အကြောင်းမဲ့သွားရိုင်းပြီး စော်ကားတတ်တဲ့သူ မဟုတ်ဘူးဆိုတာ နင်သိမှာပါ။
ကိုယ့်မိဘကို ထိခိုက်လာလို့ ငါ့အမေ မျက်ရည်ကျနေတာကို သည်းမခံနိုင်တော့လို့ ပေါက်ကွဲထွက်သွားတာပဲရှိတာ။

အမေ ဘယ်လောက်ထိ နာကျင်ခဲ့ရသလဲ ငိုခဲ့ရသလဲ နင်သိလား။ အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာ ရှိစမြဲပဲ။
ငါ့အပေါ် အပြစ်တွေပုံချပြီး နင်ဒေါသထွက်သမျှကိုတောင် ငြိမ်ခံပေးခဲ့တာပါ။ ငါ အစ်မပီသအောင် နေပေးခဲ့တဲ့အတွက် လိပ်ပြာလုံတယ်။
ပတ်ဝန်းကျင်လည်းသိတယ်။ တစ်မိသားစုလုံးက နင်ရှာသမျှကို ထိုင်စားခဲ့သတဲ့။
အစ်မကြီးက ရတဲ့အလုပ်ရှာလုပ်ခဲ့သလို အစ်ကိုကလည်း အလုပ်လုပ်ခဲ့ပြီး မိဘကို ရှာကျွေးခဲ့ကြတာ။

သူတို့မိသားစုနဲ့သူတို့ဘာသာ အဆင်မပြေကြတာတောင် မိဘကို ရတဲ့အခကြေးငွေနဲ့ ရှာကျွေးခဲ့ပါတယ်။
ငါလည်း နင့်ဆီမှာအလုပ်လုပ်ပေးနေရင်း မိဘကို နိုင်သလောက် ထောက်ပံ့ခဲ့တယ်။ အကုန်လုံးက နင့်လောက် ဝင်ငွေမကောင်း၊ မရှာနိုင်ပေမယ့် တစ်သိန်းရရ နှစ်သိန်းရရ မိဘကို ပေးခဲ့တာချည်းပဲ။
ငါတို့မောင်နှမ အကုန်လုံးက မိဘကို သိတတ်သူတွေချည်းပဲ။ အားလုံးက နင့်ကိုသိပ်ချစ်ပြီး ဂုဏ်ယူခဲ့ကြတဲ့သူတွေပါ။
ငါက အမြဲ နင့်ဖက်ပဲ ရပ်တည်ပေးခဲ့တဲ့သူဆိုတာ နင်အသိဆုံးပါ။ အခုလည်း ငါတို့က နင့်သဘောအတိုင်း နင့်စကားအတိုင်း ထပ်လာမပတ်သက်နဲ့ အမေသေလည်းမလာဘူး နင်သေလည်းမလာနဲ့ဆိုလို့ ငါတို့နေပေးခဲ့တာပဲရှိတာ။

ငါတို့မှားသွားသလား။ နင် အမေ့ကိုပြောခဲ့တဲ့စကားတွေ နင် အသိဆုံးပါ။
အိမ်ပေးခဲ့တဲ့စာချုပ်မှာ တစ်မိသားစုလုံး လက်မှတ်ထိုးရမယ်ဆိုပြီး ရှေ့နေနဲ့ လုပ်ခိုင်းတဲ့နေ့တုန်းက ငါတို့အကုန်လုံး နာကျင်ခံစားခဲ့ရတာ။
နင် ဘာသဘောနဲ့ လုပ်သလဲဆိုတာ နင့်ကိုယ်နင် ပိုသိမှာပါ။ ဒီကိစ္စကို ငါပြောရတာ နင်တို့ဖက်က စာချုပ်ကို ဟိုလူကတဆင့် ထုတ်ပြခိုင်းခဲ့လို့ ငါပြောတာ။
ငါတို့မိဘက မိဘကောင်းသိပ်ပီသခဲ့တာ နင်အသိဆုံးနော်။ သားသမီးကို ပေးဆပ်ဖို့သက်သက်ပဲ ရှင်သန်ခဲ့ကြတာပါ။

ငယ်ငယ်လေးကတည်းက ပိုးမွေးသလို မွေးပေးခဲ့ပြီး အဆင့်မြင့်မြင့်ထားပေးခဲ့တာ။
ဘိတ်လိုပဲပြောတတ်ပြီး ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့အမေက ရန်ကုန်မှာ နင် မင်းသားဖြစ်ဖို့ အများကြီးလုပ်ပေးခဲ့တာ။
နင့်ကြိုးစားမှုကြောင့် ဒီနေရာရောက်လာတာမှန်ပေမယ့် မိဘသာ မကောင်းခဲ့ရင် မထောက်ပံ့ပေးခဲ့ရင် နင်ဆိုတာ မဖြစ်လာဘူး။
ကံမကောင်းလို့ စီးပွါးကျဆင်းပြီး သုညဘဝက စခဲ့ရတာတောင် ငါတို့ ထမင်းငတ်ခဲ့ဖူးသလား။
ဆန်ကြမ်းစားခဲ့ရဖူးသလား။ ထမင်းပွဲမှာ အသားဟင်းမပါပဲ စားခဲ့ရတဲ့နေ့ ရှိခဲ့ဖူးသလား။ နင် တစ်ခုချင်း သေချာပြန်တွေးကြည့်ပါ။

ကျန်းမာရေးအခြေအနေ အရမ်းဆိုးဝါးလာလို့သာ သားသမီး ပေးတာယူ ကျွေးတာစားဘဝနဲ့ နေခဲ့ရတာ။
နင် အများကြီး ထောက်ပံ့ပေးခဲ့တယ် ကူညီပေးခဲ့တယ် ငါတို့အကုန်လုံး နင့်ကို ကျေးဇူးလည်းတကယ်အများကြီးတင်တယ်။
နင်တို့ မယူခင်နှစ်အပိုင်းအခြားတစ်ခုကတည်းက အမေ့ကို နင့်မိန်းမဆီ လစဥ် ကုန်ကျစရိတ်ကို စာရင်းအတိအကျနဲ့ တင်ခိုင်းခဲ့တယ်။
ဒါ့အပြင် ထောက်ပံ့စရိတ်ကိုလည်း နင့်မိန်းမဆီကနေ တောင်းခိုင်းခဲ့တယ်။

အဲ့လိုကြောင့် အမေက ပိုစိတ်မကောင်းဖြစ်ခဲ့ရတာ သိမ်ငယ်ခဲ့ရတာ အဲ့ဒါက မိဘတစ်ယောက်ရဲ့မာနပဲ ဆိုတာ နင်သိလား။
အသက်ကြီးလာတဲ့မိဘက သားသမီးဆီက ငွေကြေးထက် မေတ္တာပဲ ပိုလိုချင်ခဲ့ကြတာ။ အမေနဲ့ ဘယ်နနာရီအချိန်ပေးပြီး စကားပြောဖူးလဲ။
အမေဆေးရုံတက်ရရင်ရော နာရီဝက်ပြည့်အောင်ဆေးရုံလာဖူးတာရှိခဲ့လား။
အရာရာတိုင်းက ငွေပေးရုံနဲ့ပြီးသွားလား မိဘတွေက သားသမီးဆီက မေတ္တာလည်းလိုတယ်ဆိုတာတွေးပေးခဲ့ဖူးလား။
လူကိုမမျှော်ဘဲ လစဉ်ထောက်ပံ့မဲ့ငွေကို မျှော်ပြီး နေခဲ့တဲ့မိဘမဟုတ်ပါဘူး။

သူ နေကောင်းတာနဲ့ သူ့လက်ရာကိုကြိုက်တဲ့ နင့်အတွက် နင်ကြိုက်တတ်တဲ့စားစရာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး နင်ရှိတဲ့နေရာအထိရောက်အောင် ပို့ပေးခဲ့တဲ့ အမေမျိုးပါ။
မိဘခံစားချက်ကို နင် ဘယ်တုန်းက ထည့်တွေးပေးခဲ့ဖူးသလဲ။ နင့်ကိုငါ အမြဲ ဆုံးမခဲ့တယ် သတိပေးခဲ့ပါတယ်။
အခု အဲ့လိုမိဘနှစ်ပါးလုံးက နေ့တိုင်း ဒူးနဲ့မျက်ရည်သုတ်နေရတယ်။
ငါတို့ကို ပင်ပင်ပန်းပန်းရှာဖွေလုပ်ကိုင်ပြီး ကျွေးမွေးခဲ့တဲ့ နင့်ကိုသိပ်ချစ်တဲ့အဖေက အခု ငိုနေတယ်။

ငါတို့အဖေ လူရိုးလူအေးကြီးက ငိုနေတာ။
ဒါတောင် မေတ္တာမပျက်ခဲ့ဘူးနော်။ နင် ရိုင်းခဲ့တာတွေကို အဖေက အမေ့ကို ခွင့်လွှတ်ပေးဖို့နားချပြီး သူ့သားကံကြီးထိုက်မှာစိုးရိမ်စွာနဲ့ မေတ္တာပို့ပေးနေတာပါ။ မိဘဆိုတာ အစားပြန်မရဘူး။ မစော်ကားကောင်းဘူး။
ဘယ်အချိန် ဘာဖြစ်သွားနိုင်သလဲဆိုတာ မသိနိုင်တဲ့ခေတ်ကြီးထဲမှာ နင် နားလည်လာတဲ့တစ်နေ့ နောက်မကျစေဖို့ ငါဆုတောင်းပေးပါတယ်။
နောက်ဆုံးအနေနဲ့တော့ ငါ မျှော်လင့်ခဲ့လိုက်မိသေးတာ နင်ကာကွယ်ပေးမှာပါလို့။

ငါတို့မောင်နှမတွေအကုန်လုံးက ဘာမှမဖြေရှင်းပဲ ဆဲသမျှခံပေးခဲ့တာက ထရှင်းလိုက်ရင် နင် ထိခိုက်သွားမှာကြောက်တဲ့စိတ်နဲ့ ငြိမ်ပေးနေခဲ့တာ။ 😅
ငါတို့က စွန့်ပစ်ခံခဲ့ရတဲ့လူတွေပါ။
ငါ့အတွက်တော့ လူတွေအကြောင်း ကောင်းကောင်းကြီး သိခဲ့ရတဲ့နှစ်ပါပဲ။
မေတ္တာထားပေးလျက်ပါ။

May Chit Thway


Leave a Reply