ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ထပ်မံ ကျရောက်ပါက အင်အားသုံးမှု စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည်ဟု ထိုင်းတပ်မတော်ကာကွယ် ရေးဦးစီးချုပ် သတိပေး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNLA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့်ကျည်ဆန်များ ထိုင်းဘက်သို့ ကျရောက်လျက်ရှိရာ ယင်းကဲ့သို့ ထပ်မံဖြစ်ပွားပါက အင်အားသုံးမှု စည်း မျဉ်းများအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က သတိပေးလိုက်သည်။

ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံအတွင်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ၊ ကျည်ဆန်များကျရောက်နေသော သတင်းပေးအစီရင်ခံမှုများကို ရရှိထားကြောင်း ၊ ယင်းသို့ ကျရောက်နေမှုများနှင့်ပတ်သက်၍ ထိုင်းစစ်တပ်ကို မြန်မာဘက်သို့ သတိပေး ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိသော်လည်း သေဆုံးမှု မရှိသေးကြောင်း၊ အကယ်၍ လက်နက်ကြီးကျည် နှင့်ကျည်ဆန်များ ထိုင်းဘက်သို့ ထပ်မံ ကျရောက်ပါက အင်အားသုံးမှုစည်းမျဉ်းများအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။

ထို့ပြင် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ကျရောက်နေသော နေရာများ အပါအဝင် အန္တရာယ်ရှိသော နေရာများမှ အရပ် သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ပေးမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးက ပြောဆိုသည်။

ယမန်နေ့ နံနက်ပိုင်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNLA တပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ပြီး ထိုင်းနိုင်ငံသားသား ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသည်။

အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန် မြန်မာနိုင်ငံဘက်မှ ပစ်ခတ်သော ကျည် ဆန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဘက်အခြမ်းရှိ ကျေးရွာအတွင်းသို့ ကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးကြီး၏ ဘယ်ဘက်ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထိုင်းစစ်တပ်က လက်နက်ကျည်ဆန်များ ထိုင်းဘက်အခြမ်းသို့ ကျရောက်နေမှုနှင့်ပတ်သက်၍ မြန်မာဘက်အခြမ်းသို့ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားကာ မြန်မာဘက်သို့ ထိုင်းစစ်တပ်က မီးခိုးဗုံးများ ပြန်လည် ပစ်ခတ်ခဲ့သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက် ကြီးများကျရောက်ပြီးနောက်​ သောင်ရင်းမြစ်ကို ဖြတ်ကူးသော နယ်စပ်ဂိတ်များအားလုံးကို ထိုင်းအာဏာပိုင်များက ၇ ရက် တိတိ ပိတ်ပင်လိုက်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ထိုင်းစစ်တပ်က တရားဝင် ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။

မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ ကျားဖြန့်ရုံများကို KNU က နိုဝင် ဘာလ ၂၁ ရက်နေ့ သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါနေရာများရှိ ကျားဖြန့် အလုပ်ရုံနှင့် ဝင်းများကို စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေချိန် စစ်တပ်က ယင်းနေရာများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်များ အရှိန်အဟုန်မြှင့်နေခြင်းဖြစ်ကြောင်း နယ်စပ်စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

Ref -Naewna News

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *