ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီ ၁၉ မိနစ်ခန့်အချိန် ရွှေဘိုမြို့နယ် အရှေ့ခြမ်း သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ်ပေါ် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်း ၊ အသက် ၃၅ နှစ် အရွယ် ‌မမေလွမ်းသူ နှင့် အသက် ၇ နှစ် အရွယ် ဝင်းလဲ့လဲ့ထွန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျေးရွာနေပြည်သူ အသက် ၈ နှစ်အရွယ် မြတ်သူရိန်ဖြိုး ၊ ဦးထူး ၊ ဦးသက်ကို ၊ ဒေါ်ကြည်စိန် ၊ ဒေါ်နုကြည် ၊ ဒေါ်ရီရီတင့် ၊ ဦးစိုးလေး နှင့် ဒေါ်သန်းစိန် တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံး ၊ ဆိုင်ကယ် ၂ စီး နှင့် ထော်လာဂျီ ၁ စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

“သစ်ချိုပင်ရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတာ ဗုံးသီးက ခန့်မှန်းခြေ ပေါင် ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ ဗုံးသီးကျတဲ့နေရာမှာ အိမ်တွေ ပျောက်ထွက်သွားတယ်လို့ သိရတယ်။ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေတယ်။ ဒဏ်ရာရတာလည်း ၈ ဦးရှိတယ်။ စိုးရိမ်ရတဲ့ ပြည်သူတွေလည်းရှိတယ်လို့ သိရတယ်။ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *