ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အတွက် ဒီဇင်ဘာ ၇ ရက်မှာ နေပြည်တော်ကို နေ့ချင်းပြန်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က ဒုတိယအကြီးအကဲ၊ ကြည်းတပ်ဦးစီးချုပ်တို့လည်း လိုက်ပါသွားပါတယ်။
ဒီတွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှုတိုက်ဖျက်ရေး၊ စီးပွားရေးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူပြဿနာတွေလို ဘုံစိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းသွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမှာဖြစ်သလို အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုတွေကို ပူးတွဲတိုက်ဖျက်ဖို့ အလေးထား ဆောင်ရွက်သွားဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာစစ်ကောင်စီသတင်းတွေမှာတော့ ဒီတွေ့ဆုံမှုမှာ ၂ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ၂ နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဟာ ဒီခရီးစဉ်မတိုင်ခင် နိုဝင်ဘာ ၂၅ ရက်က ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲက လွတ်လပ်မှုနဲ့ အများယုံကြည်လက်ခံမှု ရှိမှာမဟုတ်တဲ့အကြောင်း ပြောခဲ့ဖူးပြီး ခုလိုတွေ့ဆုံချိန်မှာတော့ စစ်ကောင်စီရဲ့ လာမယ့် ရွေးကောက်ပွဲဟာ အရေးပါတဲ့ နိုင်ငံရေးအပြောင်းအလဲတခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲဟာ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ ဒီလုပ်ငန်းစဉ်ကို ဆက်လက်ထောက်ခံသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို ပြန်လည်သင့်မြတ်ရေး အတွက်လို့ ကြွေးကြော်နေပေမဲ့ တဖက်သတ်ကျင်းပမဲ့ ရွေးကောက်ပွဲသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ အဓိက တိုင်းရင်းသားပါတီတွေကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


Leave a Reply