အီတိုမီဒိတ်ပါဝင်သော အီလက်ထရောနစ်စီးကရက် (Kpod)ကို လက်ဝယ်တွေ့ရှိမှုကြောင့် အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတဦးသည် စင်ကာပူတွင် ရေရှည်လူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း ရုပ်သိမ်းခံရသည့် ပထမဆုံး နိုင်ငံခြားသား ဖြစ်လာခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်က ရဲအရာရှိများ၏ ပုံမှန်စစ်ဆေးမှုအတွင်း အီတိုမီဒိတ်မူးယစ်ဆေးပါသည့် အီလက် ထရောနစ်စီးကရက်ကို ၎င်းတွင် လက်ဝယ်တွေ့ရှိခဲ့ကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) နှင့် ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) တို့၏ ဒီဇင်ဘာ ၈ ရက်၊ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အခြားပြစ်မှုများအတွက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ကူညီရန် စင်ကာပူတွင် ဆက်လက် နေထိုင် ခွင့်ပြုသည့် အထူးခွင့်ပြုမိန့်ကို ၎င်းအား ထုတ်ပေးထားသည်။
“ရဲအမှု ပြီးဆုံးပြီးနောက်၊ သူမကို ပြည်နှင်ဒဏ်ပေးပြီး စင်ကာပူကို ပြန်လည်ဝင်ရောက်ခွင့် တားမြစ် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်” ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သော တင်းကျပ်သည့် အီလက်ထရောနစ်စီးကရက်တားဆီး ရေး ဥပဒေအရ၊ Kpod များအား လက်ဝယ်ထားရှိမှုနှင့် အသုံးပြုမှုအတွက် ဖမ်းဆီးရမိသော နိုင်ငံခြား သားများနှင့် အီတိုမီဒိတ်စစ်ဆေးမှု အဖြေထွက်သော နိုင်ငံခြားသားများ၏ နေထိုင်ခွင့် ပါမစ်နှင့် လူဝင်မှု ကြီးကြပ်ရေးအဆင့်အတန်းကို ရုပ်သိမ်းခံရနိုင်ပြီး ပြည်နှင်ဒဏ်ပေးခံရကာ စင်ကာပူသို့ ပြန်လည် ဝင်ရောက်ခြင်းမှ ပိတ်ပင်ခံရမည် ဖြစ်သည်။

အခြားအမှုတခုတွင် အသက် ၁၆ နှစ်အရွယ် စင်ကာပူနိုင်ငံသား ယောက်ျားလေးတဦးသည် အီတိုမီဒိတ် နှင့် ဆက်စပ်သော ပြစ်မှုများကြောင့် သုံးကြိမ် ဖမ်းဆီးရမိပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် မူးယစ် ဆေးဝါးပြန်လည်ထူထောင်ရေးဌာန (DRC) သို့ နှစ်လကြာ ပို့ခံခဲ့ရသည်။
စက်တင်ဘာလ ၁ ရက်တွင် မူးယစ်ဆေးဝါး အလွဲသုံးစားမှုဥပဒေအရ အီတိုမီဒိတ်အား အဆင့် (၃) ထိန်းချုပ်မူးယစ်ဆေးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၎င်းသည် DRC သို့ ပို့ဆောင်ခံရသည့် ပထမဆုံး အီတိုမီဒိတ်သုံးစွဲသူ ဖြစ်သည်။

ယင်း အမျိုးသားကို စက်တင်ဘာလ ၄ ရက်တွင် အီလက်ထရောနစ်စီးကရက် လက်ဝယ်တွေ့ရှိမှုဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့သည်။
မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးဌာန (DRC) မှ ဆင်းပြီးနောက်၊ ၎င်းတို့သည် ရပ်ရွာအတွင်း ပုံမှန် မူးယစ်ဆေး စစ်ဆေးမှုများနှင့် ကြီးကြပ်မှုများကို ခံယူရမည်ဖြစ်သည်။
အီတိုမီဒိတ်အီလက်ထရောနစ်စီးကရက်များကို တင်သွင်းသူများ၊ ရောင်းချသူများနှင့် ဖြန့်ဖြူးသူများ သည် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
တင်သွင်းသူများသည် ထောင်ဒဏ်သုံးနှစ်မှ နှစ်နှစ်ဆယ်အထိ ကျခံရမည်ဖြစ်သလို ငါးချက်မှ ၁၅ ချက် အထိ ကြိမ်ဒဏ်ပေးခံရမည်ဖြစ်ပြီး၊ ရောင်းချသူများနှင့် ဖြန့်ဖြူးသူများသည် ထောင်ဒဏ် နှစ်နှစ်မှ ၁၀ နှစ်အထိ ကျခံရမည်ဖြစ်သလို ကြိမ်ဒဏ် နှစ်ချက်မှ ငါးချက်အထိ ပေးခံရမည်ဖြစ်သည်။
CNA မှ Myanmar teen first foreigner to lose Singapore long-term immigration pass for possessing Kpod အား သောမတ်ဘာသာ ပြန်သည်။


Leave a Reply