ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ရေး ဦးဆောင် လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်

ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်ဟု စစ်ကော်မရှင်က လက်အောက်ငယ်သားများကို မက်လုံးပေး

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ရေး ဦးဆောင် လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်တပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အာင်၊ မမေချီ(ခ) ချီချီ၊ မရွှန်း (ခ) ရွှန်းရွှန်းနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၁၀ ဦးက ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း၊ ထို့ကြောင့် ဒေါက်တာ တေဇာဆန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၆ နယ်မြေရဲစခန်းတွင် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ) ဖြင့် အမှု့ဖွင့်ထားကြောင်း စစ်တပ်က ဆိုသည်။

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (ခ)မှာ ရွေးကောက်ပွဲကို ပျက်ပြားစေရန် လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်​ပြီး ပြစ်မှု ထင်ရှားလျှင် ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ရန် စစ်တပ်က ပြဋ္ဌာန်းထားသော ပုဒ်မဖြစ်သည်။

ယင်းအပြင် စစ်ကော်မရှင်က စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များကို ဒေါက်တာတေဇာဆန်းကို မိအောင် ဖမ်းဆီးပေးနိုင်ပါက လူပုဂ္ဂိုလ် ၁ ဦးချင်းစီအတွက် ငွေကျပ် သိန်း ၃၀၀ နှင့် တာဝန်ယူထားသော သက်ဆိုင်ရာအဖွဲ့အစည်းတွင် တစ်ဆင့်တိုး ရာထူးတိုးပေးမည်ဟု မက်လုံးပေးထားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

ပြည်သူများအနေဖြင့်လည်း ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိရေး သတင်းပေးနိုင်ပါက ငွေကျပ် သိန်း ၂၀၀ ကို ငွေသား ချက်ချင်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း စစ်တပ်က လိုက်လံစည်းရုံးနေကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *