ချော်တွင်းကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသည့်ကား(၃) စီးကို ဝင်တိုက်ခဲ့သည့် အိမ်စီးကားမောင်းသူအား မရမ်းကုန်းမြို့မရဲစခန်းတွင်အမှုဖွင့်ထား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၏ ချော်တွင်းကုန်းမီးပွိုင့်အနီးတွင်ရပ်ထားသော ကား(၃)စီးကို အိမ်စီးကားမှဝင်တိုက်မိခဲ့မှု ဒီဇင်ဘာ ၄ ရက်နံနက် ၂ နာ ရီကျော်ခန့်ကဖြစ်ပွားခဲ့ရာ ဝင်တိုက်ခဲ့သည့်အိမ်စီးကားမောင်းသူကို မရမ်းကုန်းမြို့မရဲစခန်း၌အမှုဖွင့်ထားကြောင်း သိရသည်။
Rav 4 ကားမှ Mark 2 (ရွှေငါး)ကား၊ Honda fit ကားနှင့် Suzuki Solio ကားတို့အားပြင်းထန်စွာတိုက်မိခဲ့ရာ Mark 2 ကားမှာကြေမွပျက်စီးမှုများပြားခဲ့ပြီး အခြား ကား(၂)စီးမှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ထိခိုက်ပျက်စီးခဲ့သည့် ကားပိုင်ရှင်များမှ Rav 4 ကားမောင်းသူအား မရမ်းကုန်းမြို့နယ်ရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

” ကျွန်တော်တို့လည်းခံစားရတာပေါ့ဗျာ။ ဒီကားလေးနဲ့ တက္ကဆီဆွဲနေရတာ။ ဝင်ငွေလည်းနစ်နာတယ်။ ကိုယ့်ပိုက်ဆံလည်းစိုက်ထုတ်ပြင်ရဦးမယ်။ အိမ်က ကလေးကိုလည်းကျောင်းပို့ဖို့ခက်သွားတယ်။ ကျူးလွန်သူတွေက သူတို့အမှားအတွက်လေးလေးစားစားတောင်းပန်တာလည်းမရှိဘူး”ဟု Suzuki Solio ကားပိုင်ရှင်က ပြောသည်။

ဖြစ်စဥ်တွင်ဝင်တိုက်ခဲ့သည့် Rav 4 ကားအား သက်ဆိုင်ရာတာဝန်ရှိသူများက တရားရင်ဆိုင်နေချိန်တွင် ခေတ္တထိန်းသိမ်းထားကာ တိုက်ခံရသောကား(၃)စီးအား ပိုင်ရှင်ဖြစ်သူများမှသာ ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည့်အပြင် ဖြစ်စဥ်ဖြစ်ပွားချိန်က ကားများအားကရိန်းဖြင့်ဆွဲရသဖြင့် ကရိန်းဆွဲခကုန်ကျစရိတ်များကိုလည်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ယခုကာလသည် ရန်ကုန်မြို့ပေါ်၌ ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက်အထူးကြပ်မတ်စောင့်ကြည့်နေသောကာလဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားသောအချိန်မှာ ညမထွက်ရအချိန်အကန့်အသတ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


Leave a Reply