အာရှ အိမ်နီးချင်းနှစ်နိုင်ငံ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဇူလိုင်လအတွင်းက ငါးရက်ကြာ တိုက်ပွဲကို အောင်မြင်စွာ အပစ်အခတ် ရပ်စဲအောင် ကြားဝင်စေ့စပ်ပေးခဲ့သူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ ထပ်မံ ဖြစ်ပွားနေသော သုံးရက်တိုင်ပြီဖြစ်သည့် ထို နှစ်နိုင်ငံကြား တိုက်ပွဲ ရပ်တန့်ရေးအတွက် ဖုန်းခေါ်ဆိုမှု ပြုလုပ်မည်ဟု ပြော သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ပေါင်ကတ်ကူးက နယ်စပ်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးနိုင်ရေး အလားအလာ မရှိကြောင်း အင်္ဂါနေ့က ပြုလုပ်သည့် အင်တာဗျူးတရပ်၌ ပြောပြီး အခြေအနေက ကြားလူ ဝင်ရောက်စေ့စပ်၍ အဆင်မပြေနိုင်ကြောင်း ထပ်လောင်း ဆိုသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ထိပ်တန်းအကြံပေးတဦးကမူ ၎င်းတို့နိုင်ငံက ”စကားပြောဆိုရန် အချိန်မရွေး အသင့်ရှိကြောင်း” ပြောသည်။
ပန်ဆယ်ဗေးနီးယားတွင် အင်္ဂါနေ့ စုဝေးပွဲတရပ်၌ ထရမ့်က အရှေ့တောင်အာရှ၌ တကျော့ပြန် ဖြစ်ပွားသော တိုက်ပွဲကို မရပ်တန့်ခင် ပါကစ္စတန်နှင့် အိန္ဒိယ၊ အစ္စရေးနှင့် အီရန်တို့ကြားက တိုက်ပွဲများ အပါအဝင် ၎င်း ရပ်တန့်ပေးနိုင်ခဲ့သည့် စစ်ပွဲများကို စာရင်းဖော်ပြ ပြောဆိုသည်။
“ကျွန်တော် ကမ္ဘောဒီးယား-ထိုင်း စစ်ပွဲအကြောင်း ပြောရဆိုရတာကို မုန်းတယ်၊ သူတို့ ဒီနေ့မှာ စစ်ပြန်ဖြစ်ပြီ၊ မနက်ဖြန်မှာ ကျွန်တော် ဖုန်းခေါ်ရတော့မယ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားလို အင်အားကြီးတဲ့ နှစ်နိုင်ငံရဲ့ စစ်ပွဲကို ကျွန်တော်က ဖုန်းခေါ်ပြီး ရပ်တန့်စေမယ်လို့ ဘယ်သူကများ ပြောနိုင်မှာလဲ” ဟု ထရမ့်က ပြောသည်။
ထရမ့်သည် ပြီးခဲ့သည့် ဇူလိုင်လ တိုက်ပွဲများ ဖြစ်ပွားချိန်မှစကာ ထို နှစ်နိုင်ငံ၏ ခေါင်းဆောင်များနှင့် ယခင်က စကားပြောဆိုခဲ့ပြီး ထိခိုက်မခံသော အပစ်ရပ် သဘောတူညီချက် ရရေး အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဇူလိုင်လက ထို နှစ်နိုင်ငံ တိုက်ပွဲတွင် အနည်းဆုံး လူ ၄၈ ဦး သေဆုံးကာ မဝေးသည့် သမိုင်း၌ နှစ်နိုင်ငံအကြား အပြင်းထန်ဆုံး ထိပ်တိုက်တွေ့ခြင်းလည်း ဖြစ်သည်။
ဇူလိုင်လ အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဖြန်ဖြေရန် ထရမ့်က ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖိအားပေးခဲ့သည်။ လက်ရှိတွင် အခွန်ဖြင့် ခြိမ်းခြောက်ကာ ထိုင်းနိုင်ငံအား ဆွေးနွေးပွဲများဆီ ဖိအားပေး တွန်းပို့၍ ရမည် မထင်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။
ကမ္ဘောဒီးယားက အသစ် ထောင်ထားသည့် မိုင်းနင်းမိပြီး စစ်သားတဦး ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသည်ဟု ထိုင်းနိုင်ငံက ပြောပြီး ထရမ့် တက်ရောက်သည့် အောက်တိုဘာလ ထိပ်သီးအစည်းအဝေးတရပ်၌ သဘောတူခဲ့သည့် တင်းမာမှု လျှော့ချရေး အစီအမံများကို ရင်ဆိုင်းလိုက်ချိန်မှစကာ နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားကမူ ထိုင်းနိုင်ငံ၏ စွပ်စွဲချက်ကို ငြင်းပယ်ထားသည်။
Bangkok Post မှ Trump says to make phone call to stop Thai-Cambodia fighting ကို မိုးသဲ ဘာသာပြန် သည်။


Leave a Reply