ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံး အပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆို

ရခိုင်ပြည်၊မြောက်ဦးမြို့နယ်တွင် ပြည်သူ ၃၅ ဦးသေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အပြင်းအထန် ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂနှင့် ICC တရားရုံးအပါအဝင် နိုင်ငံတကာက စစ်အုပ်စုကို အရေးယူရန် တောင်းဆိုလိုက်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်အချိန် အကြမ်းဖက်စစ်အုပ်စုသည် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို တိုက်လေယာဉ်များ အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း၊ လူသားမျိုးနွယ်အပေါ် လုံးဝ စာနာထောက်ထားမှု ကင်းမဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အရပ်သားပြည်သူ ၃၅ ဦး အသက် ဆုံးရှုံးခဲ့ ရပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ကလေးသူငယ်များ၊ မွေးလူနာများနှင့် ဆေးကုသမှုခံယူနေသော လူနာများပါဝင်ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အဆိုပါ ကြေကွဲဖွယ် အဖြစ်ဆိုးအတွက် ပြည်သူ လူထုနှင့်အတူ တစ်သားတည်းရပ်တည်လျက်၊ အသက်ဆုံးရှုံးခဲ့ရသူများအတွက် အလွန်တရာ ဝမ်းနည်းရပါကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာရာရရှိစေရန် ဆန္ဒပြုပါကြောင်း၊ စစ်အုပ်စု၏ လုပ်ရပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) နှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၏ အခြေခံမူများကို ချိုးဖောက်သည့် အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု (War Crimes)၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Massacre) ဖြစ်ကြောင်း NUG က ရှုတ်ချပြောဆိုသည်။
ဂျီနီဗာ ကွန်ဗင်းရှင်းအရ မည်သည့်အခြေအနေတွင်မဆို လေးစားကာကွယ်ထားရမည့် အရပ်ဘက် ပစ်မှတ်ဖြစ်သော ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု မြောက်ကြောင်း၊ စစ်ဘက်နှင့် အရပ်ဘက် ပစ်မှတ်များကို ခွဲခြားသိမြင်ရမည်ဟူသော အခြေခံမူကို ဖောက်ဖျက်ကာ၊ အပြစ်မဲ့ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူသား မဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အဆောက်အဦးများ အပေါ် တိုက်ခိုက်မှုပေါင်း ၁,၆၀၀ကျော် ကျူးလွန်ခဲ့သည့် လုပ်ရပ်များ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်ပြီး NUG က ပြင်းထန်စွာ ရှုတ်ချထားသည်။

ထို့ကြောင့် အရပ်သားပြည်သူများ၊ အရပ်ဘက်အဆောက်အအုံများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ပစ်မှတ်များအပေါ် အကြမ်းဖက်စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုများအားလုံးကို ချက်ချင်းအဆုံးသတ်နိုင်ရန်အတွက် ထိရောက်ပြင်းထန်သည့် ဖိအားပေးဆောင်ရွက်မှုများ၊ အရေးယူမှုများ အမြန်ဆုံးပြုလုပ်သွားရန် NUG က တောင်းဆိုသည်။
ယင်းအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများအား အရေးယူနိုင်ရန်အတွက် ချက်ချင်းကြားဝင်ဆောင်ရွက်ပေးရန်နှင့် တာဝန်ရှိသူများကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန်ြ ဒဏ်ရာရသူများအား အချိန်မီဘေးကင်းလုံခြုံစွာ ဆေးကုသမှုပေးနိုင်ရန် နိုင်ငံတကာ လူသားချင်း စာနာမှုအဖွဲ့အစည်းများက အကူအညီပေးနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် NUG က ဆက်လက် တောင်းဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူများနှင့် မိသားစုများအတွက်လိုအပ်သော အကူအညီများပေးအပ်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်ခံရမှု၌ ထိခိုက်ဆုံးရှုံး ခဲ့ရသည့် ပြည်သူလူထုအားလုံးအတွက် တရားမျှတမှုပြန်လည်ရရှိရေး ကို ရခိုင်ပြည်သူလူထုနှင့်အတူ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း NUG က ကတိပြုထားသည်။


Leave a Reply