အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပခေါင်းဆောင်တွေကို “ညံ့ဖျင်းတယ်”လို့ ဝေဖန်ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့အထောက်အပံ့တွေကို လျှော့ချမယ်လို့ ဆိုလာပါတယ်။
အမေရိကန်နိုင်ငံရေး သတင်းဌာနတစ်ခုဖြစ်တဲ့ Politico နဲ့အင်တာဗျူးမှာ သူက ”အင်အားချိလာ” နေတဲ့ ဥရောပနိုင်ငံတွေဟာ ရွှေ့ပြောင်းအရေးကို မထိန်းချုပ်နိုင်သလို ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်အောင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ မဆောင်ရွက်နိုင်ကြဘူးလို့ ပြောထားတာပါ။
ဒီနိုင်ငံတွေဟာ အကူအညီအပြည့်အဝမပေးဘဲ ယူကရိန်း ကျရှုံးအောင် လုပ်ဆောင်နေကြတယ်လို့လည်း စွပ်စွဲထားပါတယ်။
ယူကရိန်း – ရုရှားစစ်အတွက် အဖြေတစ်ခုကို ခပ်မြန်မြန်ထုတ်လိုက်တာဟာ ဥရောပတစ်တိုက်လုံးရဲ့ ရေရှည် အကျိုးစီးပွားတွေကို လျော့ပါးရာ လျော့ပါးကြောင်း ဖြစ်မှာကို စိုးရိမ်တာကြောင့် အမေရိကန် ဦးဆောင်နေတဲ့ အပစ်ရပ်ရေးဆောင်ရွက်ချက်တွေမှာ ဥရောပခေါင်းဆောင်တွေက နေရာတစ်ခုဝင်ယူဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။
ထရမ့်ရဲ့စွပ်စွဲချက်နဲ့ ပတ်သက်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး အိဗ်ကူးပါးကတော့ ဥရောပဟာ “အားကောင်း”ပြီး နိုင်ငံအလိုက်ကာကွယ်ရေးအပိုင်း ဖြည့်တင်းနေသလို ယူကရိန်းကိုလည်း ရန်ပုံငွေထောက်ပံ့ပေးနေတယ်လို့ တုံ့ပြန်ပါတယ်။
သမ္မတနှစ်ဦးဟာ (ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗော်လိုဒီမီယာ ဇလန်စကီးတို့ကိုရည်ရွယ်ခြင်းဖြစ်) ငြိမ်းချမ်းရေးဖော်ဆောင်နေပြီး သမ္မတတစ်ဦး (သမ္မတပူတင်) ကတော့ ဒရုန်းနဲ့ တာဝေးပစ် ဒုံးကျည်တိုက်ခိုက်မှုတွေလုပ်ပြီး ပဋိပက္ခကို ပိုဆိုးအောင်လုပ်နေတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။
ထရမ့်က သဘောတူညီချက်တစ်ခုကို လက်ခံလိုက်ဖို့ ဇလန်းစကီးကို ဖိအားပေးတာ ဆက်လုပ်နေပါတယ်။ ပြီးတော့ ယူကရိန်းရဲ့နယ်မြေကို ရုရှားထံ ပေးအပ်ပြီး အလိုက်သင့် လိုက်ကစားဖို့လည်း တိုက်တွန်းနေပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ဥရောပဟာ “စစ်ပွဲရပ်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းအားလုံး” ကို လုပ်ဆောင်နေပြီး ဒီအစီအစဥ်ရဲ့အစိတ်အပိုင်းတွေကလည်း တိုးတက်လာပြီလို့ ဇလန်စကီးက အင်္ဂါနေ့တုန်းက X လူမှုကွန် ရက်မှာ ရေးခဲ့ပါတယ်။
ဒီအစီအစဥ်တွေကိုလည်း ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ကို ပေးပို့ တင်ပြသွားမယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ရဲ့ ဥရောပအပေါ် လူသိရှင်ကြားဝေဖန်ချက်ဟာ ယူကရိန်းမှာ တိုက်တာခိုက်တာတွေ ရပ်တန့်ရေး လုပ်နေကြတဲ့အားထုတ်မှုတွေကို ဆက်ပြီး ဆွေးနွေးကြဖို့ ဥရောပခေါင်းဆောင်တွေ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး နောက်တစ်နေ့မှာပဲ ထွက်လာတာဖြစ်ပါတယ်။
ဥရောပဟာ တိုက်ပွဲရပ်ရေးကို လုပ်ဆောင်နိုင်လောက်လားဆိုတဲ့ အမေးကိုတော့ ထရမ့်က ” သူတို့က အပြောပဲရှိတယ်။ အလုပ်မဖြစ်ဘူး။ ပြီးတော့ တိုက်ပွဲကလည်း ဆက်ဖြစ်နေဆဲပဲလေ” လို့ ဖြေ ခဲ့ပါတယ်။
မကြာသေးခင်တုန်းက အမေရိကန်အရာရှိတွေဟာ စစ်ပွဲရပ်ရေး ကြားဝင်စေ့စပ်သူတွေ အဖြစ် ယူကရိန်းနဲ့ ရုရှား အရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံပြောဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့လည်း သဘောတူညီမှုတစ်စုံတရာတော့ မထွက်လာခဲ့ပါဘူး။
ရေရှည်မှာ ယူကရိန်းကို ထပ်ကျူးကျော်ခံရနိုင်တဲ့ စိုးရိမ်ချက်ကြောင့် အမေရိကန်အားပေးတဲ့ ငြိမ်းချမ်းရေး အပေးအယူကနေ ကာကွယ်ပေးဖို့ ယူကရိန်းသမ္မတက ဥရောပနဲ့ နေတိုး ခေါင်းဆောင်တွေကို အကူအညီတောင်းခဲ့ပါတယ်။
တနင်္ဂနွေနေ့တုန်းကလည်း ထရမ့်က ဇလန်စကီးဟာ ငြိမ်းချမ်းရေးအတွက် အဓိကအတားအဆီးလို့ဆိုပြီး အထောက်အထားမရှိ ပုံဖော်ခဲ့ပါတယ်။
အမေရိကန်ရဲ့ နှစ်နိုင်ငံလုံးအတွက် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဥ်အပေါ် ရုရှားဘက်က “လိုလိုလားလားရှိတယ်” လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒီအစီအစဥ်ဟာ ယူကရိန်းဘက်ကသာ အဓိကလိုက်လျောရမယ့်အချက်တွေ ပါနေပြီး အနာဂတ် မှာ ကျူးကျော်ခံနိုင်ခြေ မြင့်သွားမှာကို မဟာမိတ်တွေက စိုးရိမ်နေကြတာပါ။
Politico နဲ့ အင်တာဗျူးမှာ ထရမ့်က ယူကရိန်းဘက်က စေ့စပ်ညှိနှိုင်းရေး အရာရှိတွေအနေနဲ့ အမေရိကန်ရဲ့အဆိုပြုချက်ကို “သဘောကျ”ကြပြီး ဇလန်းစကီးက ဒါကို ဖတ်တောင် မဖတ်ရသေးဘူးလို့ စွပ်စွဲပါတယ်။
ထရမ့်က ယူကရိန်းကို အရင်ကလည်း တိုက်တွန်းခဲ့ဖူးတဲ့ ရွေးကောက်ပွဲတွေလုပ်ဖို့ အဆိုကို ထပ်ပြောလာပြီး “တိုက်ပွဲကို အသုံးချကာ” ရွေးကောက်ပွဲ မဖြစ်အောင်လုပ်နေတာလို့ အတိအလင်း ဆိုလာပါတယ်။
“သူတို့က ဒီမိုကရေစီလို့ပြောနေပေမဲ့ ဒီမိုကရေစီ မရတဲ့လမ်းကို ကြောင်းနေတာ” လို့ သူက ပြောပါတယ်။
ဇလန်စကီးရဲ့ သမ္မတသက်တမ်း ၅ နှစ်တာဟာ ၂၀၂၄ ခုနှစ် မေလမှာ ကုန်ဆုံးခဲ့ပြီးပေမဲ့ ရုရှားကျူးကျော်စစ်ကြောင့် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အတွက် ရွေးကောက်ပွဲတွေကို ဆိုင်းငံ့ထားခဲ့တာပါ။
ထရမ့်ရဲ့ မှတ်ချက်နဲ့ပတ်သက်လို့ ဇလန်စကီးက သူဟာ “ရွေးကောက်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းဥပဒေအရ တိုက်ပွဲကာလအတွင်း ရွေးကောက်ပွဲပြုလုပ်ခွင့်မရှိတာကြောင့် ဥပဒေပြင် ဆင်ဖို့ အဆိုပြုချက်တွေ ပြင်ဆင်နေတယ်လို့လည်း ဆိုထားပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေရဲ့အကူအညီနဲ့ လုံခြုံရေး အာမခံနိုင်ခဲ့ရင် လာမယ့် ရက်ပေါင်း ၆၀ ကနေ ၉၀ အတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာ ဖြစ်တယ်လို့လည်း သူကသတင်းထောက် တွေကို ပြောပါတယ်။
Politico နဲ့ အင်တာဗျူးမှာပဲ ထရမ့်က အတွေးအခေါ်အယူအဆပိုင်း မတိုက်ဆိုင်မှုတွေကြောင့် အမေရိကန်နဲ့ ဥရောပမဟာမိတ်ဆက်ဆံရေး ကွဲအက်ဖို့ ခြိမ်းခြောက်လာခဲ့ပြီလို့ ဖြေထားပါတယ်။
“ညံ့”တယ်လို့ သူ ရှုမြင်နေတဲ့ ခေါင်းဆောင်တွေနဲ့ မဟာမိတ်ဆက်ဖွဲ့ဦးမလားဆိုတဲ့ အမေးကို တော့ ထရမ့်က “အခြေအနေအရပဲ” လို့ တုံ့ပြန်ပြီး “သူတို့က အားနည်းညံ့ဖျင်းပေမဲ့ နိုင်ငံရေးအရ ဖြောင့်မတ်မှန်ကန်ချင်ပုံရတယ်။ ငါ့အထင်တော့ သူတို့ဘာလုပ်ရမှန်းမသိဖြစ်နေကြတာ” လို့ ပြောပါတယ်။
သမ္မတထရမ့်ရဲ့ မှတ်ချက်ဟာ သူ့အစိုးရအဖွဲ့ကနေ ထုတ်ပြန်လာတဲ့ စာမျက်နှာ ၃၃ မျက်နှာပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ထွက်လာတာဖြစ်ပါတယ်။
ဒီမဟာဗျူဟာမှာ ဥရောပရဲ့ “ယဥ်ကျေးမှုနဲ့ လူမှုသဟဇာတ တိမ်ကောလာမှု” ဖြစ်တန်ခြေကို သတိပေးထားသလို ဥရောပနိုင်ငံတချို့က အမေရိကန်အတွက် မဟာမိတ်ကောင်း ဆက်ဖြစ်နိုင်ပါ့မလားဆိုတဲ့ အပေါ် မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။
အဲဒီမဟာဗျူဟာထဲ ရုရှားကို အမေရိကန်ရဲ့ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မရှုမြင်ထားပါဘူး။ ဒါကြောင့်ပဲ ရုရှားကလည်း သူရဲ့ရည်မှန်းချက်နဲ့ ထပ်တူနီးပါးကျနေတာကြောင့် ဒီမဟာဗျူဟာကို ကြိုဆိုခဲ့ပါတယ်။
ထရမ့်က ဥရောပနိုင်ငံအများအပြားဟာ လက်ရှိပုံစံအတိုင်းဆက်သွားရင် “မကြာခင်မှာ ကိုယ့်ဘာသာရပ်တည်တဲ့နိုင်ငံတွေ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး” လို့ ဆိုပြီး “ပြည်ဝင်ခွင့်နဲ့ပတ်သက်လို့ သူတို့လုပ်နေတာက လုံးဝ တလွဲတွေပဲ” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
သူက ဟန်ဂေရီနဲ့ ပိုလန်နိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ဆောင်ချက်ကို “ပြောင်မြောက်တဲ့ ဆောင်ရွက်ချက်”အဖြစ် ညွှန်းဆိုခဲ့ပေမဲ့ ဥရောပနိုင်ငံအများစုကိုတော့ “ယိုယွင်းပျက်စီး” နေပြီလို့ ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့မဟာဗျူဟာနဲ့ပတ်သက်လို့ ဂျာမန်အကြီးအကဲ ဖရက်ဒရစ် မာ့ဇ်ကတော့ တချို့အပိုင်းတွေက လက်ခံနိုင်စရာရှိပေမဲ့ တခြားအစိတ်အပိုင်းတွေကတော့ ဥရောပနိုင်ငံတွေရဲ့ ရှုထောင့်က ကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ အင်္ဂါနေ့မှာ တုံ့ပြန်ထားပါတယ်။
အမေရိကန်က ဥရောပရဲ့ “ဒီမိုကရေစီကို ကယ်တင်ပေးဖို့”လိုတယ်ဆိုတဲ့ အတွေးအမြင်ကို လက်မခံဘဲ ဥရောပနိုင်ငံတွေကသာ ကိုယ်တိုင်သုံးသပ်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီမဟာဗျူဟာကို ကြည့်ရင် ဒီနှစ်အစပိုင်းမှာ ထရမ့်က ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောခဲ့တဲ့ မိန့်ခွန်း အသွားအလာနဲ့ ဆင်တူပါတယ်။
ဒီမိန့်ခွန်းထဲမှာ သူက အနောက်ဥရောပနိုင်ငံတွေနဲ့ ဒီနိုင်ငံတွေရဲ့ ရွေ့ပြောင်းသွားလာမှုနဲ့ သန့်ရှင်းသောစွမ်းအင် အရေးအပေါ် ချဥ်းကပ်ပုံကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။


Leave a Reply