မြန်မာစစ်တပ်က ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ပြီး ဇန်နဝါရီလ၌ အဆုံးသတ်မည်ဟု ကြေညာထားသည်။
ရလဒ်နှစ်ခုကတော့ သေချာသည်။ တစ်ခုမှာ စစ်တပ်နှင့် တစ်ဘက်တည်း ရပ်တည်သည့် နိုင်ငံရေးပါတီက အနိုင်ရသူအဖြစ် မှတ်တမ်းဝင်မည်။ နောက်တစ်ခုမှာ အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍသည် ယခုထက်ပို၍ မှေးမှိန်သွားမည်။
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်နီးပါး ကြာလာချိန်၌ နိုင်ငံသည် ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိကာ စစ်တပ်သည်လည်း ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားကို အံတုစစ်ပြိုင်နေရသည်။ သမ္မတဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် တော်လှန်ရေးနှင့် ဆက်နွယ်သူ၊ တိုက်ခိုက်ရေးသမား၊ နိုင်ငံရေးသမား ထောင်ပေါင်းများစွာသည် အကျဉ်းချခံထားရဆဲ ဖြစ်သည်။
စစ်တပ်သည် နိုင်ငံ၏ အုပ်ချုပ်သူအစိုးရ နေရာကို ထိန်းချုပ်ထားပြီး အဓိကကျသည့် လူအများဆုံရပ် မြို့ရွာများကို ထိန်းချုပ်ထားသည်။ သို့သော်လည်း တပ်မတော်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ရက်ရက်စက်စက် တိုက်ခိုက်မှုများသည် တော်လှန်ရေးကို မချေမှုန်းနိုင်ပေ။ တော်လှန်ရေးအုပ်စုများက နယ်မြေ အမြောက်အများကို သိမ်းပိုက်ထားသည့်အတွက် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံ၏ မဲဆန္ဒနယ် ၃၃၀ မြို့ရှိသည့်အနက် ၂၇၄ နေရာ၌သာ ကျင်းပနိုင်မည် ဖြစ်သည်။
ရွေးကောက်ပွဲကို ပြည်တွင်းသာမက ပြည်ပကပါ အတုအယောင် အဖြစ်သာ ရှုမြင်ကြသည်။ စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် စစ်တပ်သြဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပါတီဝင်အရေအတွက်၊ ပါတီရုံးခန်း အစရှိသော ကော်မရှင်၏ သတ်မှတ်ချက်များ မပြည့်မီသည့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ထားသည်။ ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ဖျက်သိမ်းထားသည်။
ရွေးကောက်ပွဲများကို အစိုးရထိန်းချုပ်ထားသော မီဒီယာ အခင်းအကျင်းအောက်တွင် ကျင်းပမည်ဖြစ်သည်။ စစ်ကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဖျက်ဆီးခြင်းအား ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေအသစ် တစ်ရပ်ကို မကြာသေးမီကမှ အတည်ပြုထားသည်။ ဤဥပဒေ၌ ရွေးကောက်ပွဲကို ဝေဖန်မှုများအား တားမြစ်ထားသည်။
ရွေးကောက်ပွဲကို ဆိုရှယ်မီဒီယာပေါ်၌ ဝေဖန်သည့် နိုင်ငံသားများသည်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ကျခံနေရသည်များ ရှိသည်။ အချို့ပြစ်မှုများအတွက် သေဒဏ်အထိ ချမှတ်နိုင်သည်။
ဤရွေးကောက်ပွဲများသည် ပြည်တွင်းပြည်ပတွင် လက်ရှိ ကျရှုံးနေသည့် စစ်ကောင်စီကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ အာဏာပိုင်ဆိုင်ကြောင်း ပြသရန်နှင့် ထိန်းချုပ်နိုင်စွမ်း အပြည်အဝရှိကြောင်း ရှုမြင်ခံရစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ စံချိန်စံညွှန်းများကို လိုက်နာပြခြင်းအားဖြင့် စစ်ကောင်စီသည် လက်ရှိအနေအထားကို ထိန်းသိမ်းထားသည့် တချိန်တည်း၌ အခြေအနေများ တည်ငြိမ်နေပြီဆိုသည့် ပုံရိပ်ကို မြှင့်တင်ပေးရန်၊ အာဏာကို ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုများအတွက် တံခါးဖွင့်ပေးရန် မျှော်လင့်သည်။
အဝေးရောက် NUG အစိုးရအဖွဲ့နှင့် ထိုအဖွဲ့ကို ထောက်ခံသည့် ပြည်ပရောက် မြန်မာအများအပြားကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအား စစ်ကောင်စီ၏ ရွေးကောက်ပွဲသို့ လေ့လာသူများ မစေလွှတ်ရန် တောင်းဆိုနေကြသည်။ ထိုအစား ကမ္ဘာကြီးအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ရှုတ်ချရန်လည်း တောင်းဆိုကြသည်။
အာဆီယံခေါင်းဆောင်များကလည်း အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် လူတိုင်းအကျုံးဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲကိုသာ ဦးစားပေးကျင်းပရန် ပြောဆိုလျက်ရှိသည်။ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူ စေလွှတ်ရန် စစ်ကောင်စီ၏ ဖိတ်ကြားချက်ကိုလည်း အဖွဲ့က ငြင်းဆိုထားသည်။
စစ်ကောင်စီအနေဖြင့် အကောင်းဆုံး မျှော်မှန်းနိုင်သည်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့နည်းတူ ရွေးကောက်ပွဲ လေ့လာသူများ စေလွှတ်မည်ကိုသာ ဖြစ်သည်။ သို့ရာတွင် အာဆီယံအဖွဲ့ဝင်များအနက် သဘောထား အကွဲပြားဆုံးဖြစ်သည့် ထိုင်းနိုင်ငံကမူ ရွေးကောက်ပွဲသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အုတ်မြစ်ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သလို အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် ခက်ခဲလိမ့်မည်ဟုလည်း ပြောဆိုနေပြီဖြစ်သည်။ တရုတ်ကတော့ ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ယူဆရသော်လည်း လေ့လာသူများ စေလွှတ်ရေးကိုမူ လူသိရှင်ကြား ကတိပြု ပြောဆိုခြင်း မရှိသေးပေ။
စစ်ကောင်စီအတွက်က ပြည်တွင်းသို့မဟုတ် အနောက်နိုင်ငံများထံတွင် တရားဝင်မှုထက် ဒေသတွင်းနိုင်ငံများထံတွင် တရားဝင် အသိအမှတ်ပြုခံရမှုက ပိုအရေးပါသည်။ ထို့ကြောင့် အနောက်အုပ်စုထံတွင် ဆက်လက် ဖယ်ကြဉ်ခံရလျှင်လည်း အရေးမပါလှပေ။
အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု ပိုမြင့်တက်လာခြင်း၊ ၎င်းတို့၏ နိုင်ငံများအတွင်းသို့ စီးဆင်းသော မြစ်များကို ညစ်ညမ်းစေသည့် စည်းကမ်းမဲ့ သတ္တုတူးဖော်မှု၏ အကျိုးဆက်၊ ဘိန်းဖြူနှင့် မက်သာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများ ထွန်းကားလာခြင်းနှင့် ၎င်းတို့၏ နိုင်ငံသားများကို ကျွန်ပြုပြီး လိမ်လည်လှည့်ဖြားနေသည့် ဆိုက်ဘာ ငွေလိမ်စင်တာများ ပေါများလာခြင်းတို့နှင့် ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိသည်။
ထိုနိုင်ငံများမှ နိုင်ငံသားများသည် ၎င်းတို့၏ အစိုးရများအား အဆိုပါ ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရန် တောင်းဆိုလျက် ရှိကြသည်။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကြောင့်လည်း ထိုနိုင်ငံများ၏ အစိုးရများ စစ်ကောင်စီနှင့် ဆက်ဆံရသည်ကို အကြောင်းပြချက်ကောင်းကောင်း ရလာဦးမည် ဖြစ်သည်။ ယခင်ကကဲ့သို့ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်စေရန်အတွက် ထိတွေ့ဆက်ဆံခြင်းနှင့် ဖယ်ကြဉ်ထားခြင်းအနက် မည်သည့်နည်းလမ်းက ပိုကောင်းကြောင်း အမြင်ချင်း ပြိုင်နေရသည့် အခြေအနေမျိုး ဖြစ်တော့မည် မဟုတ်ပေ။
ယခုတကြိမ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အထင်မှားစရာများ ရှိတော့မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ အိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားဆိုင်ရာ အစီအစဉ်ကိုသာ အဓိကထား စဉ်းစားကြမည်ဖြစ်ပြီး၊ သွေးဆောင်ဖြားယောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်ခြင်းဟူသော စွပ်စွဲချက်မှန်သမျှကို ကျော်လွှားဖြတ်သန်းကြမည် ဖြစ်သည်။ တကယ်တမ်း၌ အာဏာရှင်ဆန်သော ရွေးကောက်ပွဲများ ပြုလုပ်ခြင်း၊ အာဏာရှင်စနစ်ရှိသော အစိုးရများနှင့် ဆက်ဆံခြင်းတို့သည် အရှေ့တောင်အာရှတွင် ထူးခြားသည်တော့လည်း မဟုတ်ပါပေ။
၂၀၂၅-၂၆ တွင် ကျင်းပမည့် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ တစ်ကျော့ပြန်ပုံစံဟု ရှုမြင်လျှင်တော့ အမှားသာ ဖြစ်လိမ့်မည်။ ထိုစဉ်က ရွေးကောက်ပွဲများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေသည်လည်း စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးလိုလားသော အစိုးရတစ်ရပ် ပေါ်ပေါက်လာစေခဲ့သည်။
ယခု ရွေးကောက်ပွဲများသည် အရပ်သားအုပ်ချုပ်ရေး သို့မဟုတ် လွှတ်တော်အုပ်ချုပ်ရေးသို့ ကူးပြောင်းခြင်း ဖြစ်လာမည် မဟုတ်ပေ။ အလားတူပင် ထိုရွေးကောက်ပွဲများသည် အာဏာသိမ်းခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ထွက်ခွာရာ လမ်းကြောင်းလည်း ဖြစ်လာမည် မဟုတ်ပေ။ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် သူ့လုံခြုံရေးကို အာမခံနိုင်ရန်အတွက် နိုင်ငံတော် ယန္တရားက သူ့ကို တရားစွဲဆိုမည့်အစား ကာကွယ်ပေးမည့် အခန်းကဏ္ဍတွင် ဆက်နေလိုမည်သာ ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲများသည် အတုအယောင် ဆိုသော်ငြားလည်း စစ်ဘက် ခေါင်းဆောင်မှု ကိုတော့ အပြောင်းအလဲများ ရှိလာစေမည် ဖြစ်သည်။ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတ ဖြစ်လာမည်မှာ သေချာသည်။ ၎င်း၏ နေရာတွင် အစားထိုးရန်အတွက်လည်း နာခံတတ်သော စစ်ဘက်အရာရှိတစ်ဦးကို ရွေးချယ်မည် ဖြစ်သည်။ လွှတ်တော်ကို စစ်တပ်၊ စစ်တပ်နှင့် မဟာမိတ်ပြုထားသော ပါတီများက လွှမ်းမိုးထားမည် ဖြစ်သည်။
ရွေးကောက်ပွဲပြီးပြီးချင်းတွင်မူ စစ်အစိုးရ အသက်ရှင်ရပ်တည်ရေးအတွက် အသုံးပြုသည့် ကိရိယာများဖြစ်သော ကြောက်ရွံ့မှုနှင့် အကြမ်းဖက်မှုတို့၌ အပြောင်းအလဲ တစ်စုံတစ်ရာ မြင်ရရန် မလွယ်လှသေးပေ။
သို့သော်လည်း မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်သေနာပတိသည် မည်သည့် အရပ်သားအာဏာပိုင် အဖွဲ့အစည်းသာမက သမ္မတကိုပင်လျှင် တာဝန်ခံရန် မလိုပေ။ မင်းအောင်လှိုင်၏ နေရာတွင် အစားထိုးသူသည် တစ်ချိန်ချိန်တွင် ပဋိပက္ခကို ကိုယ်ပိုင်သဘောထားဖြင့် ညှိနှိုင်းဖြေရှင်းမည့်ဘက်သို့ ဦးတည်ကောင်း ဦးတည်သွားနိုင်ခြေ ရှိသည်။
ဤရွေးကောက်ပွဲများသည် အာဏာကို အတိုင်းအတာတစ်ခုအထိ ခွဲဝေကျင့်သုံးနိုင်မည့် အလားအလာမျိုး ထွက်ပေါ်လာစေမည် ဖြစ်သည်။ လတ်တလောတွင်တော့ ထိုသို့ ဖြစ်မည့်ပုံ မရှိသေးပေ။ သို့သော်လည်း မည်သည့်ရွေးကောက်ပွဲမှ မရှိခြင်း၊ လက်ရှိအခြေအနေအတိုင်း ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် ပြင်းထန်သည့် တိုက်ပွဲများ ဆက်ရှိနေခြင်း တို့ထက်တော့ ဤဖြစ်နိုင်ခြေသည် (အလှမ်းဝေးသည် ဆိုသော်လည်း) ပိုကောင်းသော ရွေးချယ်စရာတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။
အဝေးရောက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေဖြင့် နိုင်ငံတကာက ထိထိရောက်ရောက် ကူညီထောက်ပံ့လာမည်ဆိုသည့် စိတ်ကူးယဉ်နေ့ရက်ကို မျှော်လင့်နေမည့်အစား ရွေးကောက်ပွဲများ ကျင်းပတော့မည်၊ ထိုရွေးကောက်ပွဲများက စစ်ကောင်စီအား ပိုမိုကျယ်ပြန့်သော ဒေသတွင်း ပူးပေါင်းပါဝင်မှုများကို ဆောင်ကြဉ်းပေးနိုင်သည် ဟူသော အရှိတရားကို လက်ခံ ဆောင်ရွက်ရန် လိုအပ်သည်။ သို့မဟုတ်ပါက NUG သည် ယခုထက်ကို ပိုမိုမှေးမှိန်ပြီး နောက်တန်းသို့ ရောက်သွားနိုင်ပေသည်။
ရာဗီချန်ဒရာကူးမား
The Conversation ဝဘ်ဆိုက်တွင် ဖော်ပြထားသော Myanmar’s military will no doubt win this month’s sham elections. But could a shake-up follow? ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် Nocholas Coppel သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


Leave a Reply