မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြို့သစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပေါင်းစည်း
မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြိုသစ်နယ်တွင် စစ်ကော်မရှင် တော်လှန်ရေးတပ်ဖွဲ့ (၃) ဖွဲ့ ပေါင်းစည်းလိုက်ကြောင်း ဗိဿနိုး ကာကွယ်ရေးတပ်မတော် စစ်ဦးစီး၏ ထုတ်ပြန်ချက်အရသိရသည်။
တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးမဟာဗျူဟာများကို ပိုမိုခိုင်မာစေရန် တည်ဆောက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ မကွေးအရှေ့ခြမ်း နတ်မောက်နှင့် မြိုသစ်နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ သုံး ဖွဲ့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” ပြန့်ကြဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို တစ်စုတစ်စည်းတည်း ဖြစ်စေဖို့ စစ်စည်းကမ်း ပိုမိုကောင်းမွန်ပြီး ကျစ်လစ်ခိုင်မာတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်လာစေဖိုနဲ့ စစ်အုပ်စုကို ထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ဖို့ စစ်ရေးမဟာဗျူဟာများကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပြီးပေါင်းစည်းတာပါ။ ” ဟု ဗိဿနိုး ကာကွယ်ရေးတပ်မတော်၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုပေါင်းစည်းခဲ့သည့် တပ်ဖွဲ့များသည် ကျားသစ်နက်တပ်ဖွဲ့၊ ကြိုးကြာနီတပ်ဖွဲ့နှင့် ဝံပုလွေတပ်ဖွဲ့တို့ဖြစ်ပြီး လက်ရှိတွင် တပ်ဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းလည်းဖြစ်သည်။
ပေါင်းစည်းခဲ့သည့် တပ်ဖွဲ့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်စိမ်းများကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ကတိပြုထားပြီး ပြည်သူများကလည်း ဆက်လက်ဝန်းရံပေးရန် မေတ္တာရပ်ခံထားသည်။
“ စစ်ရေးအရ ခုလိုပြန့်ကြဲနေတဲ့ လက်နက်ကိုင်အင်အားစုတွေပေါင်းစည်းနိုင်တာ CoC တစ်ခုတည်းအောက်ကို ပေါင်းစည်းနိုင်တာကောင်းတဲ့အချက်ပါ။ မြေပြင်မှာပြန့်ကြဲနေတဲ့ တပ်တွေ ပိုပူးပေါင်းနိုင်ရင်တော့ တော်လှန်ရေးအရွေ့တစ်ခုကိုမကြာခင်မြင်ရနိုင်တယ်။ ” ဟု မကွေးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိ စစ်ကော်မရှင်ကို တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များနေဖြင့် တပ်ဖွဲ့ငယ်များ ခွဲထွက်နေမည့်အစား အင်အားကို တစ်နေရာတည်းစုစည်းပြီး စစ်ကော်မရှင်ကို ပိုမိုကြီးမားပြင်းထန်သည့် ထိုးစစ်များဖြင့် ထိုးနှက်သင့်ကြောင့် စစ်ရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
” တပ်ဖွဲ့ငယ်တွေကိုစုစည်းပြီး ယုံကြည်မှုတွေတည်ဆောက်တာ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အဖြေရှာတာ၊ ဓနအင်အား ခွဲဝေတာတွေကို စနစ်တကျလုပ်ဆောင်တာတွေက မဖြစ်မနေလုပ်သင့်တယ် ။ ဒါမှ အားလုံးရည်မှန်းတဲ့ လွတ်လပ်ရေးကို မြန်မြန်ရမှာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းမှုကြောင့် စစ်ရေးနည်းဗျူဟာများ ဖလယ်ခြင်းနှင့် သတန်းများ ပူးပေါင်းပို့ချခြင်းများကြောင့် တိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုမြင့်မားလာမည်အပြင် စီမံခန့်ခွဲမှုနှင့် အမိန့်ပေးစနစ်များ ပိုမိုအားကောင်းလာမည်ဟု ၎င်းက ရှင်းပြသည်။
ယင်းအပြင် ထောက်လှမ်းရေး သတင်းများနှင့် စစ်ကော်မရှင်၏ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကိုလည်း ချက်ချင်း ဖလှယ်နိုင်ခြင်းများကြောင့် စစ်ကော်မရှင်၏ လှုပ်ရှားမှုများကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။


Leave a Reply