စစ်မှုထမ်းသစ်များ ထွက်မပြေးနိုင်ရန် စောင့်ကြည့် အဖွဲ့ကိုပါ စီစဉ်ထား
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ နတ်ရေကန်ဗျူဟာကို စစ်ကူပို့ရန်အတွက် အင်အား ၆၀၀ ခန့်ရှိ စစ်ကော်မရှင်ယာဉ်တန်းကို ပဒါန်းရှိဆုံကုန်းအမြောက် တပ်အတွင်း စုစည်းခိုင်းထားကြောင်း သိရသည်။

အင်အားအပြည့်ပါသော စစ်ယာဉ်တန်း ၂၈ စီးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က မကွေး တံတားကိုဖြတ်ပြီး အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ အတွင်းသို့ ဝင်ရောက်သွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ရိက္ခာသယ်လာတဲ့ယာဉ်တွေကိုပါ ဇင်ပြွန်းဘက်ကို ဆက်တိုက်ပို့တယ်။ ယာဉ်တန်းတွေ ထွက်လာ ချိန်ဆိုရင် အမြောက်တပ်ကနေ အတွဲလိုက်ဒုံးတွေနဲ့ ဆက် တိုက်ပစ်ပေးနေတယ်။ တပ်သားသစ်တွေ ထွက်ပြေးတာများလို့ စောင့်ကြည့်အဖွဲ့တွေကိုပါ လွှတ်ထားတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ပြောသည်။

စစ်ယာဉ်တန်းများအတွင်း လိုက်ပါလာသည့် တပ်ဖွဲ့ဝင်အများစုသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ စကခ-၁၇ ၏ လက်အောက်ခံတပ်ရင်းများဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်အများစု ပါဝင်ကြောင်း သိရသည်။
စစ်ယာဉ်တန်းအတွင်းရှိ စစ်သုံးကားကြီး ၂၂ စီးတွင် အင်အားအပြည့် ခန့်မှန်း ၆၀၀ အထက်ပါရှိနိုင်ပြီး ကျန်သည့် စစ်ကား ခြောက် စီးတွင် ရိက္ခာနှင့်ခဲယမ်းအပြည့် တင်ဆောင်လာကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ပျဉ်းဝဂိတ်မှတ်တစ်ဆင့် လမ်းသစ်အတိုင်း စပ်ဆီကျေးရွာ အတွင်း စစ်ယာဉ်တန်း လေး စီး ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပဇီကျေးရွာလမ်းဟောင်းဘက်မှလည်း စစ်ယာဉ်တန်း သုံး စီးကို နတ်ရေကန်ဘက်သို့ စေလွှတ်ခဲ့ပြီး ပျဉ်းဝစစ်ဆေးရေးဂိတ်ကို စစ်ယာဉ်တန်းများ ဖြတ်ကျော်ချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နတ်ရေကန်ဘက်သို့ စစ်ကူပို့လိုက်သည့် စစ်ကြောင်းများမှ တပ်သားသစ်များထွက်မပြေးနိုင်ရန် စောင့်ကြည့်သည့်အဖွဲ့ကိုပါ စစ်ကော်မရှင်က စီစဉ်ထားရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်းတွင် နောက်ဆုံးကျန်၍ ပိတ်မိနေသည့် စစ်ကော်မရှင်တပ် များနှင့် ချိတ်ဆက်နိုင်ရန် စစ်ကူများကို ဆက်တိုက်ပို့ဆောင်နေပြီး AA နှင့်ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်သည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ပုံစာ-စစ်ကော်မရှင်တပ်ယာဉ်တန်း (ပုံဟောင်း)


Leave a Reply