မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance ဖော်ပြ
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance က ထုတ်ပြန်ပါတယ်။
ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၇၇ နိုင်ငံထဲမှာ မြန်မာက အန္တရာယ်အရှိဆုံး အဆင့် နံပါတ် ၁ နေရာမှာရှိနေတာပါ။
ဟေတီနဲ့ ကွန်ဂို နိုင်ငံ က ဒုတိယ နဲ့ တတိယအဆင့်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် Basel AML Index 2025 အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။

ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။
အဲဒီအချက်အလက်တွေအပြင်အခြေခံအ ကြောင်းအရာ ၁၇ ချက်ကို စစ်တမ်းမှာ ထည့်သွင်းစိစစ်ဖော်ပြထားတာ တွေ့ရပါတယ်။
အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေ အန္တရာယ်တွေ ရဲ့ အကျိုးဆက် အဖြစ် လွတ်လပ်မှုမရှိတဲ့ တရားစီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။
နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ် ဖြတ်ကျော် ငွေကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ဖော်ပြပါတယ်။

Basel AML Index 2025 ရဲ့နိုင်ငံအလိုက် စိစစ်မှု အမှတ်အဆင့်သတ်မှတ်ချက်တွေမှာ အန္တရာယ်နည်းတာကို ၄ ဒသမ ၇ အောက်၊အလယ်အလတ်ကို ၄ ဒသမ ၇ ကနေ ၆ ဒသမ ၀၈ နဲ့ အန္တရာယ်ရှိတာကို ၆ ဒသမ ၀၈ အထက်လို့ သတ်မှတ်တာပါ။
အဲဒီအဆင့်သတ်မှတ်မှုတွေအရ မြန်မာနိုင်ငံရဲ့ရမှတ်က ၈ ဒသမ ၁၈ အထိရှိနေတာလို့ စစ်တမ်းက အသိပေးပါတယ်။
Basel Institute on Governance ကို ဆွစ်ဇာလန် နိုင်ငံ၊ဘေဆယ်မြို့မှာ ၂၀၀၃ ခုနှစ်ကစတည်ထောင်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာငွေကြေးရာဇဝတ်မှုတွေ နဲ့ လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး နှစ်စဥ် အစီရင်ခံ စာတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။
Basel AML Index 2025 စစ်တမ်းနဲ့ပတ်သက်ပြီးစစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်က ကန့်ကွက်ထားပါတယ်။
Basel Institute on Governance အနေနဲ့ နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (FATF) လိုမျိုး ခိုင်မာတဲ့ နိုင်ငံတကာ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ Methodologyတွေချမှတ်ပြီး အကဲဖြတ်ဆောင် ရွက်ခဲ့တာ မတွေ့ရဘူးလို့ စစ်အုပ်စုကဆိုပါတယ်။
ဒါပေမယ့် FATF ကလည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစလို့ ၂၀၂၅ခုနှစ်အထိ မြောက်ကိုရီးယား၊ အီရန် နိုင်ငံ နဲ့အတူ မြန်မာနိုင်ငံကိုအမည်ပျက်စာရင်း(Black Lists)စာရင်းသွင်းထားပါတယ်။
စီးပွားရေး ပညာရှင် ရှောင်တားနားက “အလွန်တော်တဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေပါ ။ ခင်ဗျားတို့ကအခုဆိုရင် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံ ဖြစ်အောင် လုပ်လိုက်ကြပြီ” လို့ ဖေစ်ဘွခ်မှာရေးသားထားပါတယ်။


Leave a Reply