ယာယီသမ္မတ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို ရယူထားသော်လည်း လစာတစ်မျိုးတည်းသာ ယူဟု မင်းအောင်လှိုင် ပြော

ယာယီသမ္မတ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို တိုင်းပြည်အခြေအနေအရ ရယူထားသော် လည်း လစာတစ်မျိုးတည်းသာ ရယူသည်ဟု မင်းအောင်လှိုင်က တပ်တွင်း အစည်းအဝေးများတွင် ပြောဆိုကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းအနေဖြင့် အခြေအနေအရ တာဝန်များစွာ ရယူထားသော်လည်း နိုင်ငံတော်ထံမှ လစာ တစ်ခုတည်းသာ ရယူကြောင်း၊ လက်ရှိ နိုင်ငံတော်အတွက် တာဝန်များစွာ ဆက်လက် ယူဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်ဟု သိရှိရသည်။

“သူ ရာထူးရယူထားတာ ၃ ခုပေမယ့် လစာတစ်မျိုးတည်းကိုပဲ ယူတယ်။ လက်ရှိမှာလည်း သူရဲ့ ကျန်းမာရေးကောင်းမွန်နေတုန်းပဲမို့ နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှာ ဆက်ပြီး ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာမျိုးလည်း ထုတ်ပြောတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နိုင်ငံတော်ထံမှ လစာ ၁ မျိုးတည်းသာ ရယူသည်ဆိုသော မင်းအောင်လှိုင်မှာ သားဖြစ်သူကို ဝန်ကြီးဌာနတင်ဒါများနှင့် လုပ်ငန်း လုပ်ကိုင်ခွင့်များ၊ အစိုးရ ဝန်ကြီးဌာန ဆောက်လုပ်ရေး လုပ်ကိုင်ခွင့်များ ချထားပေးပြီး သားဖြစ်သူ အောင်ပြည့်စုံကလည်း ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf၊ Aung Myint Mo Min Insurance Company ၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် အမည်ပေါင်းစုံဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် နယ်ပယ်များစွာတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိနေကြောင်း ပြည်တွင်းစီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်း မင်းအောင်လှိုင်မှာ အသက် ၇၀ ပြည့်ပြီဖြစ်သော်လည်း စစ်တပ်ဦးစီးချုပ် ရာထူးမှ အနား ယူခြင်းမရှိသေးဘဲ ယာယီသမ္မတ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးများကိုပါ တစ်ဦးတည်း ရယူထားခြင်းဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *