နွေဦးတော်လှန်ရေးဟာ ဗမာလူမျိုးတခုတည်းရဲ့အကျိုးစီးပွားမဟုတ်ဘဲ တနိုင်ငံလုံးလူမျိုးပေါင်းစုံရဲ့အကျိုးစီးပွားဖြစ်တယ်လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ပြည်မအင်အားစုတွေ အများအပြားပါဝင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကာလတလျှောက်မှာ စစ်ကော်မရှင်ရဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ စစ်ရေးအရအောင်မြင်မှုတွေရရှိခဲ့ပါတယ်။
အထူးသဖြင့် ဒီစစ်ရေးအရ အောင်မြင်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီတည်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ကြတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုစစ်ရေးအရအောင်မြင်မှုတွေရှိနေချိန်မှာပဲ စစ်ကော်မရှင်တပ်ဟာ တရုတ်နိုင်ငံရဲ့အားပေးထောက်ခံမှုရယူခဲ့ပါတယ်။ စစ်ကော်မရှင်အနေနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့သိမ်းပိုက်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံကတဆင့် ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
ညီနောင်သုံးဖွဲ့ဟာ တရုတ်ဖိအားကို အလူးအလဲခံစားခဲ့ရပြီး AA ကလွဲရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ အဖွဲ့တွေဟာ သူတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့အချို့ကို ပြန်လက်လွှတ်ပေးခဲ့ရပါတယ်။
ဒီထဲမှာ ရှမ်းပြည်နယ်မှာအဓိကျတဲ့လားရှိုးမြို့ပါဝင်ခဲ့သလို နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေး တိုင်းထဲက မိုးကုတ်မြို့လည်းပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဒီလိုမြို့တွေပြန်ပေးရမှုတွေအပေါ်မှာ ပြည်သူတွေရဲ့ စိတ်ပျက်အားလျှော့မှုတွေ၊ ဝေဖန်မှုတွေကလည်းအများအပြားရှိနေပါတယ်။
ဒီအကြောင်းအရာတွေ အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ တေဇာစန်း ကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။


Leave a Reply