မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်

မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြားသေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို အဲ့ဒီနေ့ ညနေပိုင်း အုန်းသဇင်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ချောင်းမကြီးကျေးရွာ မြောက်ဘက်တနေရာက တော်လှန်ရေးတပ်တွေရဲ့ သတ်ကွင်းထဲရောက်လာချိန်မှာ တိုက်ပွဲဖော်ဆောင်ခဲ့တာလို့လည်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ People Servant Force တပ်ဖွဲ့ကပြောပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းကို People Servant Force ၊ မင်းကွန်းတိုက်နယ် ပ.က.ဖ ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ ရတနာပုံတပ်ဦး ၊ No More Dictatorship – NMD နဲ့ ချမ်းစည်ရိုင်ဖယ်တပ်ဖွဲ့တို့က စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီနောက်အကြမ်းဖက်စစ်ကြောင်းဟာ မင်းကွန်းဘက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာတော့ ၇.၆၂ အမျိုးအစား G3 ကျည် ၈၅၅ တောင့် ၊ ၅.၅၆ ကျည် ၇၉၆ တောင့် ၊ ၆၀ မမ ဗုံးသီး ၅ လုံး ၊ RPG အသီး ၃ လုံး ၊ ပို့ကျည် ၃ တောင့်၊ အီနာဂါ M9 ၁ လုံး ၊ ငါးကြင်းမှီးပြောင်း ၁ ပြောင်း ၊ MAကျည်ဘောက် ၃ ဘောက် ၊ MA2 ဘောက်အဝိုင်း ၁ ခု နဲ့ စစ်အသုံးအဆောင်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

“တိုက်ပွဲဖြစ်ပြီး နယ်မြေရှင်းလင်းတော့ ကျနော်တို့ စစ်တပ်ယူနီဖောင်းတွေရတယ်။ အဲ့မှာ ၃ပွင့်ယူနီဖောင်းပါတယ်။ နောက်သတင်းထပ်ကြားရတာက သေတဲ့အထဲ ၃ပွင့်ဗိုလ်ရယ် ၂ပွင့်ရဲသေတယ်လို့ သိရပါတယ်ပေါ့။ မျက်မြင်ကတော့ သူတို့ဖွဲ့စည်းပုံပျက်ပြီး အထိနာတဲ့ကောင်တွေကို နောက်ကိုပြန်ဆွဲသွားရတယ်။” လို့ No More Dictatorship -NMD တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၃နဲ့ ၁၄ရက်နေ့ (ဒီနေ့) မှာလည်း စစ်တပ် စစ်ကြောင်းထွက်လာတာမျိုးတွေရှိနေပြီး ထိတွေ့မှုတော့မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းအန္တရာယ်ကြောင့် အုန်းသဇင်၊ ထုံးဘို၊ ရွှေခဲပြန်၊ ကသဲသာ၊ အိုင်ဒိုင်၊ မဲဇလီချောင်း၊ ချောင်းဦး၊ အုတ်ဖို၊ တလိုင်း၊တောင်ရင်း၊ စဥ့်ကိုင် စတဲ့ ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ပုံစာ – အကြမ်းဖက်စစ်ကြောင်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများနှင့် တော်လှန်ရေးတပ်များ


Comments

Leave a Reply

Your email address will not be published. Required fields are marked *