မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း

မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ် ။

” ဆင်စခန်းကို ဝင်ပြီး ဖမ်းခေါ်သွားတာလို့သိရတယ် ။ ကားတစီးလည်းယူသွားတယ် ။ ဆင်စခန်းက ညောင်ဦး ကနေ ပခုက္ကူ နဲ့ မြင်းခြံ သွားလမ်းဘေးမှာရှိတာ ။ ညောင်ဦး နဲ့က နီးတယ် မြို့အထွက်နားတင်ပဲ ။ အဲဒီဘက်လမ်းတွေက PDF တွေ လှုပ်ရှားမှုရှိတယ်။ ” လို့ လုံခြုံရေး အရအမည် မဖော်လိုသူ ညောင်ဦး ဒေသခံက ပြောပါတယ် ။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း မန္တ​လေးတိုင်း တံတားဦးမြို့နယ်၊ အေးစွကျေးရွာရှိ STAOP ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီမှ လုံခြုံရေး ဝန်ထမ်း ဦးရဲအောင် ဆိုသူကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ် ။

အလားတူ ဒီဇင်ဘာ ၁၁ ရက်မှာပဲ မလှိုင်မြို့နယ် ၊ဘောက်ခွေးတော ရွာမှ ဦးထွန်းငွေသက် ဆိုသူကို လက်နက်ကိုင် အဖွဲ့က နေအိမ်အထိ ဝင်ရောက် ဖမ်းဆီးခေါ် ဆောင်သွား ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ ရက်ကလည်း မလှိုင်မြို့နယ် ကျင်းသာရွာ အခြေခံပညာ မူလတန်းကျောင်းက မူလတန်းပြ ဆရာမဖြစ်သူ ဒေါ်ခိုင်ဇံဝေ ကို လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

” ဆရာမကတော့ ပြန်လွတ်လာပြီလား မလွတ်သေးဘူးလား သေချာမသိဘူး ။ အရင်ရက်က ဖမ်းသွားတဲ့ ဘောက်ခွေးတောက လူကတော့ အသတ်ခံလိုက်ရတယ် သိရတယ် ။ ” လို့ ဒေသခံက ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ရှိ အရာတော်ရေနံမြေမှ ဝန်ထမ်းတွေ ဖြစ်တဲ့ စက်မှုကျွမ်းကျင် (၄) (ထုတ်လုပ်ရေးဌာန) ဦးနေစိုး ၊ အငယ်တန်း စာရေး (စက်ပြင်ဌာန) ဦးစိုးသီဟလှိုင် ၊ ကျွမ်းကျင် (၃) (IT ဌာန) ဦးမျိုးခိုင်ဦး ဆိုသူတို့ကို လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွား တယ်လို့ သိရပါတယ် ။

ပခုက္ကူမြို့နယ် ၊ ဆိက္ခဝ ရွာဘက်ကို စက်လှေနဲ့ သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း မန္တလေး တိုင်းနဲ့ မကွေးတိုင်းထဲက အစိုးရဝန်ထမ်း အပါအဝင် လူ ၁၀ ယောက်ထက်မနည်း လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *