နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ စတင်ဖွဲ့စည်းကြောင်း အဆိုပါ SRAက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ချင်းညီနောင်၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ယောတပ်တော်(YA)၊ ယောကာကွယ်ရေးတပ်(YDF)၊ 96 Soldiers PDF၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော် (BA)အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒါကြောင့် SRA မှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေ များစွာပါဝင်နေတာဖြစ်ပါတယ် ။
နွေဦးတော်လှန်ရေးမဟာမိတ် – SRAကို ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့ဟာ ၂ဝ၂၅ မေလမှာ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး နိုဝင်ဘာ ပထမအပတ်မှာ တပ်ဖွဲ့ (၁၄) ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီကတဆင့် ဘုံသဘောတူညီချက်တွေရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်ပြီးတပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာမှာနိုဝင်ဘာ ၂၁ ရက်ကစတင်ပြီး (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီညီလာခံမှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance – SRA)ကို အဖွဲ့ဝင်တပ်ဖွဲ့ (၁၉) ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ညီလာခံအတွင်း တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ဆွေးနွေးအတည်ပြုတာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာနဲ့ တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်ပေါင်းစုအတွင်း မပါဝင်နိုင်သေးတဲ့ အခြားသော နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ ထပ်မံဖိတ်ခေါ်သွားမှာဖြစ်ပြီး တပ်ပေါင်းစုရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာစေဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အခုပေါင်းစည်းလိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ခေတ်အဆက်ဆက် ပြည်သူလူထုတောင်းဆိုချက်နဲ့ တော်လှန်ရေးရည်မှန်းချက်များဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
လက်ရှိကာလမှာ လူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းမျိုးစုံနဲ့ စစ်ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်နဲ့ အမျှကျူးလွန်နေသဖြင့် တနိုင်ငံလုံး အထွေထွေလူမှုစီးပွားအကြပ်အတည်းများ ရင်ဆိုင် နေရပြီး အဲဒီအကြပ်အတည်းမှ ပြည်သူလူထုတရပ်လုံး အမြန်ဆုံးလွတ်မြောက်ဖို့ တပ်ပေါင်းစုအားနဲ့တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးရဲ့ လွှမ်းခြုံကွပ်ကဲမှုနဲ့ ချိတ်ဆက်မှုအားနည်းချက်တွေကို ပြင်ဆင်ပြီး အဖွဲ့အစည်းတွေဟာ ခိုင်မာကျယ်ပြန့်တဲ့ မဟာမိတ်တပ်ပေါင်းစု အသွင်နဲ့ ရပ်တည်သွားရန်နဲ့ ရှင်းလင်းပြီး ထိရောက် အားကောင်းတဲ့ ကွပ်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားမှာလို့ ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ကတိပြုထားပါတယ်။





Leave a Reply