ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်ချိန် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပအတွင်းရှိ ရပ်ကွက်များတွင် Anti Drone-Guard နှင့် Jammer စက်ကြီးများချပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ယာယီဖြတ်တောက်

ရန်ကုန်မြို့တွင် ယမန်နေ့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်သူနာပြုသင်တန်းဆင်းပွဲ လာရောက်တက်ချိန် မင်္ဂလာဒုံ နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင် Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများနှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စစ် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းဆင်းပွဲသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လာတက်ခဲ့ကြောင်း၊ ထိုသို့ စစ်သင်တန်းဆင်းပွဲကျင်းပချိန် မင်္ဂလာဒုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းအထိပါ စစ်တပ်က Anti-Drone Guard နှင့် Jammer စက်ကြီးများ တင်ဆောင်ထားသော စစ်ကားများကို လာရောက်ချထားပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ဆေးသူနာပြု သင်တန်းဆင်းပွဲ လုပ်တဲ့ မနက်ပိုင်းမှာ မင်္ဂလာဒုံရော မြောက်ဥက္ကလာပမှာရှိတဲ့ ရပ်ကွက်တချို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွားတယ်။ မနေ့ မနက် ၆ နာရီလောက်ကနေ မနက် ၁၀ နာရီတစ်ကြိမ်ပြတ်သွားတယ်။ နောက်ပြီး မနေ့ ညနေ ၅ နာရီကနေ ည ၈ နာရီအထိ တစ်ကြိမ် ဖုန်းလိုင်းရော အင်တာနက်လိုင်းရော အားလုံးပြတ်သွားတယ်။ ထူးခြားတာက Jammer စက်ကြီးတွေ တွေတင်ထားတဲ့ စစ်ကားကြီးတွေ ရပ်ကွက်ထိပ် လမ်းပေါ်တွေမှာ ရပ်ပြီး စစ် သားတွေလည်း တော်တော်များတယ် လုံခြုံရေး ချထားတာ” ဟု ယမန်နေ့ ဖုန်းလိုင်းနှင့်အင်တာနက် လိုင်းများ ပြတ်တောက်မှု ကြုံခဲ့ရသော မင်္ဂလာဒုံမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်အခြေစိုက် တပ်အသိုင်းအ၀ိုင်းကမူ ယခင်က စစ်သင်တန်းပွဲများ ကျင်းပချိန် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မူလ Operator ကို ညွှန်ကြားချက်ထုတ်ပြန်ချက်၍ အခမ်းအနား ကျင်းပမည့် သက်ဆိုင်ရာမြို့နယ်အတွင်း ဖြတ်တောက်ခြင်းသာ လုပ်ဆောင်ခဲသော်လည်း ယခုနောက်ပိုင်း တစ်ဖက် အဖွဲ့အစည်းများက အသုံးပြုသည့် ဒရုန်းများမှာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မလိုတော့ဘဲ ရှိရင်းစွဲ Jammer များကို ဖြတ်ကျော်လာနိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်အကြီးအကဲများ၏ ခရီးစဉ်များတွင် Anti- Drone Guard နှင့် Super-Jammer စွမ်းအားမြှင့် ဆက်သွယ်ရေး ဖြတ်တောက်စက်များကို တပ်ဆင်ထားသော စစ်ကားများကို အသုံးပြု၍ နည်းပညာမြင့်ဒရုန်းများ၏ အန္တရာယ်ကို ကာကွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုက တပ်မတော်အကြီးအကဲတွေရဲ့ ယာဉ်တန်းတွေမှာ Anti-Drone Guard နဲ့ Super-Jammer စွမ်း အားမြှင့်စက်ပါတဲ့ ကားတွေပါ လိုက်ပါတယ်။ အဲဒီစက်တွေက ဒရုန်းအန္တရာယ်ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်” ဟု တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက မင်္ဂလာဒုံမြို့နယ်ရှိ စစ်သူနာပြုသင်တန်းဆင်းပွဲတက်ရောက်ခြင်း၊ မင်္ဂလာဒုံ ကုတင် ၅၀၀ အရိုးစစ်ဆေးရုံ၊ ကုတင် ၁၀၀၀ အထူးစစ်ဆေးရုံနှင့် လေးထောင့်ကန် စစ်မှု ထမ်းဟောင်းအိမ်ရာတို့သို့ သွားရောက်စစ်ခြေင်းနှင့် ညပိုင်းတွင် စစ်သူနာပြုသင် တန်းဆင်းပွဲ၏ ဂုဏ်ပြု ညစာစားပွဲ တက်ရောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *