NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးမှု နှစ်ဖက်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နေ

အမျိုးသားညီညွတ်ရေး-NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ် ရင်း ၁၂ က ဖမ်းဆီးလိုက်မှုနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဖြေရှင်း မှုများ လုပ် ဆောင်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်း KNU တပ်မဟာ ၄ လက်အောက်ခံ သရက်ချောင်းမြို့နယ်အခြေစိုက် KNUတပ်ရင်း ၁၂ မှ ဖိုးသောကြာ/ထူးကပေါ် တို့ဦးစီးသော တပ် ရင်းက NUG လကအောက်ခံ အထူးတိုင်းစစ်ဌာန နည်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်း စစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး ဒိုရာ အပါအ၀င် ရဲဘော် ၅၀ ဝန်းကျင်ကို လက်နက် ဖြုတ်သိမ်း၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အတိအကျ မသိရှိရသော်လည်း အောက် ခြေရဲဘော်များအကြား ပြဿနာတက်ကြရာမှ နောက်ဆုံးတွင် တပ် ရင်းမှူးကိုများပါ ပြန်လည် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ထိပ်ပိုင်း တာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီဖြစ်သဖြင့် အေးဆေးစွာပင် ပြဿနာ ပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

“ပြဿနာကတော့ ကြီးကြီးမားမားမဟုတ်ဘူး။ ရဲဘော်တွေအချင်းချင်း ဖြစ်ကြတာကို သူ့လူကြီး ငါ့လူကြီးတွေပါလာကြရင်း ဖြစ်တာလို့တော့ အကြမ်းဖျဉ်းသိထားတယ်။ အခုသိရသလောက်တော့ နှစ်ဖက် လူကြီးတွေအားလုံး ညှိနှိုင်း ဆောင် ရွက်နေပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
KNU သတင်းရင်းမြစ်တချို့ကလည်း KNU ၏ ထိပ်ပိုင်း တာဝန်ရှိသူတချို့ကိုယ်တိုင် သတင်းများ တက်လာသည့်အချိန်မှ ယင်းကဲသို့ ဖမ်းဆီးမှု အခြေ အနေများကို သိရှိကြခြင်းဖြစ်ပြီး နှစ်ဖက် ညှိ နှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။

NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူး စောဒါးကိုအပါအဝင် ၄၀ ခန့်ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထား
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူး စောဒါးကို အပါအဝင် ၄၀ ခန့်ကို KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ က ဖမ်းဆီးထားကြောင်း ဗျူဟာ ၃၃ နှင့် နီးစပ်သူအချို့က အတည်ပြုသည်။
ယနေ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်း(T5) တပ်ရင်းမှူးး မင်းသားကြီး၊ တနင်္သာရီ ဒရုန်းဒုတပ်ရင်းမှူးး ဒိုရာနှင့်အတူ ရဲဘော်များနှင့် ထောက်ပို့အချို့ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ဖမ်းခံလိုက်ရတာ မှန်တယ်၊ ဘယ်လို ဖြစ်ပြီး ဖမ်းတာက မသိသေးပါဘူး၊ ကျတော်တို့လည်း ဆက်သွယ်နေတုန်းပဲ” ဟု ဗျူဟာ ၃၃ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းတို့ အလုပ်ကိစ္စများဖြင့် ခရီးထွက်သွားချိန် တပ်မဟာ ၄ ခွင် ၊တပ်ရင်း ၁၂ လှုပ်ရှားနယ်မြေတဝိုက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့အပြင် တပ်ဖွဲ့ဝင်များနှင့်အတူ ပါသွားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းထားကြောင်း သတင်းအရင်းအမြစ်အချို့က ပြောသည်။
“အချင်းချင်း ညှိနှိုင်းဖို့တော့ ကြိုးစားနေကြပါတယ်၊ ဘာမှန်းသေချာမသိသေးတဲ့ အခြေအနေမှာ ပြောဖို့တော့ အဆင်မပြေသေးပါဘူး” ဟု ဗျူဟာ ၃၃ နှင့် မဟာမိတ်တပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။
ထားဝယ်ခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တို့အကြား ပြီးခဲ့သည့်ရက်ပိုင်းများတွင် အချင်းချင်းအဆင်မပြေမှုများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ယခု ဖမ်းဆီးခံရသည့်ဖြစ်စဉ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆက်စပ်မှု ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

“ဖြစ်တယ်၊ မဖြစ်ဘူးက ကာယကံရှင်တွေက အသိဆုံးပေါ့နော်၊ အချင်းချင်း အဆင်မပြေဖြစ်နေတာက ကြာပါပြီး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူကြတဲ့ တော်လှန်ရေးတပ်တွေအချင်းချင်း မဖြစ်သင့်တာ မဖြစ်အောင်တော့ စည်းစောင့်သင့်တာပေါ့” ဟု မွန်နှင့် တနင်္သာရီတို့တွင် အခြေပြုလှုပ်ရှားနေသည့် တော်လှန်ရေးတပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။
၎င်းတို့ အားလုံးကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ လက်အောက် တပ်ခွဲများဖြစ်သည့် ကစယ်ဒိုကျားတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး တနင်္သာရီအခြေစိုက် Dawei Watch သတင်းဌာနက ရေးသားထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-KNU တပ်မဟာ ၄က ဖမ်းဆီးခဲ့သူအချို့- လက်ထောက်ထားသူ( T5 တပ်ရင်းမှူး ကိုမင်းသားကြီး) ၊ သေနတ်များကိုင်ထားသူ(ဗျူဟာ ၃၃ တပ်ရင်းမှူး ကိုဘိ(ခ)စောဒါးကို)


Leave a Reply