မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား
ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီ မိုင်းယော်တိုက်နယ် အေးသာယာရွာသစ်က တောင်ယာမှာ နေထိုင်တဲ့ မိသားစု ၃ ဦးထဲက အမျိုးသားဖြစ်သူ အသက် ၄၀ အရွယ် အကန်ဆိုသူ အသက် ၃၈ နှစ်အရွယ် ယာကြာဆိုတဲ့ သူ့အမျိုးသမီးဖြစ်သူကို ဓားနဲ့ အကြိမ်ကြိမ် ခုတ်ခဲ့လို့ ဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဉ်သိရသူ အမျိုးသားက “သူ့အမျိုးသားက စိတ်မနှံ့ဘူးလို့ပြောတယ်။ ဓါးနဲ့အများကြီးခုတ်တာ။ ပြီးတော့ သူ့ကလေးကို ခုတ်မလို့တဲ့။ သူ့ကလေးက ရွာပြန်လာပြောပြတာ။ သွားကြည့်တော့ သူ့မိန်းမပြောတာက သူပါ မီးထဲခုန်ချလိုက်တာတဲ့” လို့ ပြောပါတယ်။

၎င်းအမျိုးသမီးဟာ လက်မောင်း၊ ဦးခေါင်း၊ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ခုတ်ခံခဲ့ရပြီး သမီးဖြစ်သူကိုပါ ခုတ်ဖို့လုပ်ပေမဲ့ သမီးဖြစ်သူက ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဓားခုတ်သူအမျိုးသားကလည်း ခုတ်ပြီးချိန် မီးတောက်အောင်မွှေးပြီး သူကိုယ်တိုင် ခုန်ချလိုက်လို့သေဆုံးသွားခဲ့သလို ခုတ်ခံရသူ အမျိုးသမီးက ဆေးကုသမှာခံယူနေရလျက်ရှိနေပါတယ်။
ဓာတ်ပုံ – CJ


Leave a Reply