စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နဲ့ မန္တလေး-သပိတ်ကျင်း ကားလမ်းပေါ်က လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၈ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းယူ ထိမ်းချုပ်သွားတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက စစ်အုပ်စုကို တိုက်ခိုက် သုတ်သင်ကာ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာ အပါအဝင် စဉ့်ကူးနယ် တနယ်လုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စဉ့်ကူးတနယ်လုံး စစ်ရှုံးကာ လက်လွှတ်ရပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေလို့ ပြည်သူတွေ စဉ့်ကူးမြို့ပေါ် မနေဝံ့ဘဲ ယနေ့အချိန်ထိ ရှောင်တိမ်းနေကြရပါတယ်။

စစ်ရှုံးထားတဲ့ စဉ့်ကူးမြို့ကို ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက ယခု နိုဝင်ဘာလကုန်ပိုင်းမှာ မတ္တရာဘက်ကနေတဆင့် စစ်ကြောင်းတွေ ဖြန့်ခွဲကာ လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ထိုးစစ်ဆင်လာပြီး ဒီဇင်ဘာ ၁၈ရက်မှာ လက်ပန်လှရွာနဲ့ ညပိုင်းမှာ စဉ့်ကူးမြို့ကို ပြန်ရသွားတာလို့ ဆိုပါတယ်။

“လက်ပံလှကို မနေ့ကတည်းက ဝင်သွားတာ” လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းထက် ဒရုန်းနဲ့ လေကြောင်းကို အားပြုကာ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး လေကြောင်းကနေ ထင်တိုင်းကျဲ ဗုံးကြဲကာ အခုလို စစ်ရှုံးနယ်မြေတွေကို ပြန်လည် သိမ်းယူနေတာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းက စဉ့်ကူးတနယ်လုံး၊ သပိတ်ကျင်းမြို့နယ်က ၈၀ရာခိုင်နှုန်းတဲ့ မတ္တရာမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေး – မတ္တရာ – သပိတ်ကျင်း ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ခဲ့သလို မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာရှိ စစ်စခန်းတွေကိုပါ တစ်နှစ်ကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ရပ်နားတာကို အခွင့်ကောင်းယူကာ စစ်အုပ်စုက စစ်ရေးပြင်ဆင်ခဲ့ပြီးနောက် ဇွန်လက စလို့ မန္တလေးတိုင်းအတွင်းရှိ စစ်ရှုံးနယ်မြေတွေ၊ မြို့ရွာတွေ ပြန်ရရေး မန္တလေးမြို့ကနေ စတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့ကတဆင့် မန္တလေး – မတ္တရာ – သပိတ်ကျင်း ကားလမ်းအတိုင်း တန်ပြန် ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ဇူလိုင်လမှာ မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် ဩဂုတ်လမှာ မန္တလေး – မတ္တရာ ကားလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလအတွင်း မတ္တရာနယ်ကို စစ်အုပ်စု ပြန်ရပြီး ယခု ဒီဇင်ဘာမှာ စဉ့်ကူးမြို့နဲ့ စဉ့်ကူးနယ်က အရေးပါတဲ့ နယ်မြေတချို့ကို ပြန်လည် သိမ်းယူနိုင်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ သပိတ်ကျင်းမြို့ စစ်ရှုံးပြီးနောက် သပိတ်ကျင်းနယ်၊ ၇မိုင်ကျေးရွာနဲ့ တွင်းငယ်ရွာအနီးက စစ်စခန်းတွေထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို လေကြောင်းကနေ အင်အားဖြည့်ကာ ပြီးခဲ့တဲ့ ဇွန်လမှာ ခိုအောင်းနေရာကနေ ဖောက်ထွက်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာလည်း သပိတ်ကျင်းမြို့ကို ဇူလိုင်လမှာ ပြန်ရသွားပါတယ်။

လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်း – မန္တလေး ကားလမ်းအတိုင်း အောက်ဘက်ကို ဆင်းလာနေပြီး ဒီဇင်ဘာ ၁၅ ရက်က ဇရပ်ကွင်းရွာကို ပြန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ သပိတ်ကျင်းတနယ်လုံးနီးပါးလည်း စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီး မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ဖျားပိုင်းမှာရှိတဲ့ ရွှေတောနယ်မြေ တချို့သာ တော်လှန်ရေးတပ်တွေ လက်ထဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

တစ်နှစ်ကျော်ကြာ စစ်အုပ်စု ကင်းစင်ခဲ့တဲ့ စဉ့်ကူးမြို့နယ်မှာလည်း နယ်မြေအများစု စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတချို့သာ ကျန်ရှိတော့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မြေပြင်စစ်ကြောင်းမရောက်သေးတဲ့ ကျေးရွာတွေကို တိုက်လေယာဉ်နဲ့ ထင်တိုင်းကျဲ ဗုံးပတ်ကြဲ သတ်ဖြတ်နေသလို စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ စစ်ဘေးရှောင်ပြည်သူတေကိုလည်း လေကြောင်းကနေ ဗုံးလိုက်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်က သပိတ်ကျင်းမြို့နယ် ချောင်းသလဲဆိပ်ကမ်းကနေ မြစ်ကူးပြီး ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရကာ ခရီးသည်တင် ကားတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မတ္တရာနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်ရာမှာ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို အကြိမ်ကြိမ် ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

စဉ့်ကူးမြို့နဲ့ ငါးမိုင်ခန့်အကွာ လက်ပန်လှရွာကို ဒီဇင်ဘာ ၁၈ရက်မှာ ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *