ပုပ္ပါးမှာပျောက်သွားတဲ့ မိသားစု ၂ စု တစ်လခွဲကျော်အကြာမှာ အိမ်ပြန်ရောက်လာ
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးဒေသကို အလည်သွားရင်း ပျောက်ဆုံးသွားတဲ့ မိသားစု ၂ စုက မိသားစုဝင် ၆ ဦးဟာ တစ်လခွဲကျော်အကြာမှာ ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂စုဟာ ပုပ္ပါးမှာ ရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

ဆွေမျိုးသားချင်းတွေဟာ လိုက်လံရှာဖွေခဲ့ကြပေမဲ့ မတွေ့ခဲ့ကြဘဲ လူမှုကွန်ရက်ကနေတဆင့် သတင်းပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
အဲဒီနောက် သတင်းအစအနမရတော့ဘဲ တစ်လခွဲကျော်အကြာ မနေ့က ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကျောက်ဆည်မြို့က နေအိမ်ကို ၆ ဦးလုံး ပြန်လည်ရောက်ရှိလာကြောင်း နီးစပ်သူတွေက ပြောပါတယ်။

“အားလုံး ကျန်းကျန်းမာမာပဲ ပြန်လည် ရောက်ရှိလာပါတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးခဲ့သူတွေဟာ ကျောက်ဆည်မြို့က ဖိနပ်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ၊ ၎င်းတို့၏ သားငယ်၊ မိတ်ဆွေ အမျိုးသမီး ၂ဦးနဲ့ ကလေးတစ်ဦးတို့ ဖြစ်ပါတယ်။
ပြန်တွေ့တာနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့မိသားစုဝင်တွေဆီ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ “အခုချိန်မှာ အလုံးစုံ ဖြေပေးလို့ မရသေးလို့ နားလည်ပေးပါ”လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ပုပ္ပါးဒေသမှာ စစ်တပ်လက်အောက်ခံသစ်တောဝန်ထမ်းတွေနဲ့ အတူ သစ်ပင်လာစိုက်တယ်လို့ဆိုတဲ့ ရေနံ့သာဒင်းဂါးပါအဖွဲ့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယာယီထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။


Leave a Reply