ကျောက်မဲအဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်
ငွေအဆမတန်တောင်းနေပြီး ဆေးပစ္စည်းတင်ရင် သိမ်းယူတာတွေ ရှိနေ
စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ တအာင်းလူမျိုးတွေကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်ပြီး ငွေအဆမတန်တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မိုးကုတ်- ကျောက်မဲလမ်း မြို့အဝင် မိုင်းတင်းရွာအနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတင်းကြပ်နေတာဖြစ်ပြီး ပေးမသွားဘဲ ပြန်လှည့်ခိုင်းတာ ရှိသလို ငွေသိန်းနဲ့ချီတောင်းပြီး ပြန်လွှတ်ပေးခဲ့တာတွေလည်းရှိတယ်လို့ ကျောက်မဲမြို့နယ်ထဲ နေထိုင်တဲ့ တအာင်းလူမျိုးတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလည်း ကျောက်မဲမြို့ကနေ ဆေးဝါး တင်လာတဲ့ကားတစ်စီးကိုး မိုင်းတင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်က ငွေသိန်း ၃၀ တောင်းခံခဲ့တဲ့အပြင် ဆေးဝါးတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆေးကုသွားရင်တောင်တောင်ပေါ်ဒေသကဆင်းလာတဲ့လူဆို ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းတာရှိသလို ကံကောင်းလို့ ဖြတ်ရတဲ့အချိန်လည်း ရှိပါတယ်။ ကားဆိုရင် သိန်းချီပေးရတယ်။ ဆိုင်ကယ် ၁ သောင်းဝန်းကျင်ပေးရတယ်။ ကားသမားအသိတစ်ယောက်ဆိုရင် ဆေးပစ္စည်းတွေ၊ ဖုန်းပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေတင်လာတော့ သိန်း ၃၀ ပေးရတယ်။ ဆေးတွေလည်း သိမ်းသွားတယ်” လို့ ဆိုပါတယ်။
နောက်ထပ်ကျောက်မဲဒေသခံအမျိုးသားတစ်ဦးကလည်း” မိုင်းတင်မရောက်ခင် ဗြုန်းတောင်မှာ စကစတွေနေတာ။ မှတ်ပုံတင်စစ်တာ။ ပလောင်ဆိုတာနဲ့ အစစ်ကြမ်းတာ။ ဆေးဖာပါရင် သိမ်းပစ်တာတွေ လုပ််တယ်” လို့ ပြောပါတယ်။
ကျောက်မဲမြို့တွင်းမှာ မြို့ခံတွေအများစု ပြန်လာကြပေမယ့် တအာင်းလူမျိုးတွေကတော့ စစ်ကောင်စီတပ်ရဲ့ အဖမ်းအဆီးတွေကြောင့် တချို့သာနေရပ်ပြန်လာနိုင်တာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့တွင်းက တအာင်းတပ်မတော်- TNLA နဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး မြို့ခံတွေကို ဖမ်းဆီးတာ၊နေအိမ် ချိတ်ပိတ်တာတွေ ပြုလုပ်နေပါတယ်။
တအာင်းတပ်ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


Leave a Reply