CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ

ပုလောမှ CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ၊ ထမင်း တောင်းစားရာတွင် မရ၍ သတ်ဖြတ်ဟု ဝန်ခံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင်နေထိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမဇနီးမောင်နှံကို သတ်ဖြတ်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ခဲ့သည်။

KNDO တပ်ရင်း (၇)၊ တပ်ခွဲ-၅ တွင် ဖမ်းဆီးထားသော မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်၊ မောင်ဝင်းစိုးဆိုသူ အကျဥ်းသားလေးဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အချုပ်မှထွက်ပြေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် CDM ဆရာမ ဇနီးမောင်နှံကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးသူများထဲမှ တစ်ဦးဖြစ်သည့်မောင်ဝင်းစိုးသည် ညအချိန်တွင် ဆရာမဒေါ်အေးသီတာအောင် အိမ်တွင် ထမင်းသွားတောင်းစားရာ မပေးသည့်အတွက် ဓားဖြင့်ခုတ်သတ်ခဲ့သည်။ ထိုသို့ သတ်ဖြတ် နေစဉ် အော်ဟစ်သံကြောင့် ထွက်ကြည့်သည့် ဆရာမ၏ ခင်ပွန်းကိုလည်း ကျန်အကျဉ်းသား သုံးဦးက ဝိုင်းဝန်းချုပ်နှောင်ပေးကာ မောင်ဝင်းစိုးကပင် ထပ်မံထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ၏ စစ်ဆေးချက်များအရ သိရသည်။

၎င်းတို့ လေးဦးသည် ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်ပြီးနောက် နေအိမ်ရှိ နားကပ်၊ ဆွဲကြိုးနှင့် လက်ကောက် စသည့် လက်ဝတ်ရတနာများကို လုယူကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် KNU က ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကျဉ်းသား လေးဦးကို ယခင်က မည်သည့်ပြစ်မှုဖြင့် ဖမ်းဆီးထားကြောင်းကိုမူ KNU က ဖော်ပြထားခြင်း မရှိသော်လည်း အချုပ်မှ ထွက်ပြေးကာ ထပ်မံ၍ လူသတ်မှုကျူးလွန်ခဲ့သည့် ၎င်းတို့ကို ကော်သူးလေ တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဟု ဆိုသည်။

ပညာရေးတာဝန်ခံ ဆရာမ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်းအတွင်းရှိ ပညာရေး အစုအဖွဲ့များက အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုထားကြပြီး၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း အမှုမှန် ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

Comments

Leave a Reply

Your email address will not be published. Required fields are marked *