MRTV အပါအဝင် အာဏာသိမ်း စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသော ရုပ်သံလိုင်း အနည်းဆုံး ၇ ခုထက်မနည်းကို ဩစတြေးလျ နည်းပညာကုမ္ပဏီ Kick နှင့် အမေရိကန် ယူကျူး၊ ဖေ့စ်ဘုတ်တို့က ဆက်တိုက် ဖယ်ရှားပစ်နေကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။
ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က ဖယ်ရှားလိုက်သော စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်းများမှာ MRTV HD, MITV, MRTV News, MRTV Farmers, MRTV Sports, MRTV NRC နှင့် MRTV Entertainment တို့ဖြစ်သည်။

အဆိုပါ ပလက်ဖောင်းများမှ စစ်ကောင်စီ ဝါဒမှိုင်းများ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ Kick ကုမ္ပဏီက ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံလိုင်း ပြန်ကြားရေးဝန်ကြီးဌာန ချန်နယ်ကို အမေရိကန် ယူကျူးက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ဖယ်ရှားခဲ့ပြီး Myanmar International TV (MITV) ရုပ်သံလိုင်းကိုလည်း ဖယ်ရှားပစ်ခဲ့သည်။
Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch နှင့် Facebook ကုမ္ပဏီတို့ကလည်း MITV ရုပ်သံလိုင်းကို ဖယ်ရှားခဲ့ကြသည်။

အမေရိကန် ကုမ္ပဏီများမှ ဖယ်ရှားခဲ့ပြီးနောက် စစ်ကောင်စီသည် ဩစတြေးလျ နည်းပညာကုမ္ပဏီ Kick ကို အသုံးပြုကာ ဝါဒဖြန့်ရုပ်သံလိုင်းများကို စတင်ခဲ့သော်လည်း နာရီပိုင်းအတွင်းမှာပဲ Kick ကုမ္ပဏီက ထပ်မံ ဖယ်ရှားပစ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖယ်ရှားနိုင်ရန် Justice For Myanmar အဖွဲ့က သက်ဆိုင်ရာ ကုမ္ပဏီများထံ စာရေးသားပေး၍ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ကုမ္ပဏီက ထိုသို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ စစ်အုပ်စုအတွက် ၎င်းတို့၏ အတုအယောင်ရွေး ကောက်ပွဲမတိုင်မီ နေ့ရက်များကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ်သန်းရဦးမည်ဟု Justice For Myanmar အဖွဲ့က ဆိုသည်။
MITV နှင့် MRTV တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေခြင်းဖြစ်သည်။
MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် နိုင်ငံခြားပရိတ်သတ်များထံ သက်ရောက်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည်။
စစ်အုပ်စုသည် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းတို့မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ရန် Kick ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး Kick ၏ အရေးယူဖယ်ရှားမှုသည် စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များတွင် “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဟူသော Kick ၏ မှားယွင်းမှုပြစာတန်းကို ဖော်ပြနေသည်။
Kick သည် မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နှင့် ၎င်း၏ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်သည်။
Twitch ကဲ့သို့ပင် Kick ကိုလည်း ဂိမ်းကစားခြင်းများကို တိုက်ရိုက်ထုတ်လွှင့်ရာတွင် အဓိကအသုံးပြုသည်။
နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၎င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုထားသည်။


Leave a Reply