Gangnam Blues (2015)

ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တို့ အချစ်တော်မင်းသား Lee Min Ho, The Doctors နဲ့ Love Story in Havard မင်းသား Kim Rae Won တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဂန်းနမ်မှာ မြို့ပြဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကြောင့် မြေယာဈေးကွက် ဖြစ်ပေါ်လာပြီး စီးပွားရေးသမားတွေနဲ့ လူမိုက်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ ကာလကို အခြေခံထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဂင်ဂျုံဒယ် (Lee Min Ho)နဲ့ ဘဲ့ယုံဂီ (Kim Rae Won) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုရင်းနဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့သူတွေပါ။
တစ်ရက်မှာ သူတို့နှစ်ယောက်ရဲ့ တဲစုတ်လေးကို လူမိုက်အဖွဲ့က ဖျက်ဆီးတဲ့အချိန်မှာ ပြန်ခုခံရင်းနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
အဲဒီအချိန်မှာ လူမိုက်အဖွဲ့က နိုင်ငံရေးပါတီတစ်ခုရဲ့ ညီလာခံကို ဖျက်ဆီးဖို့အတွက် လူလိုနေတုန်း ဂျုံဒယ်နဲ့ ယုံဂီကလည်း ပါဝင်အားဖြည့်လိုက်ကြပါတယ်။
ညီလာခံကို ရောက်တဲ့အခါ မထင်မှတ်ထားတဲ့အခြေအနေကြောင့် သူတို့နှစ်ယောက်လည်း လူစုကွဲသွားခဲ့ပါတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဂျုံဒယ်ဟာ မြေအရောင်းအဝယ်ကိစ္စ လုပ်ရင်း မထင်မှတ်ဘဲ ယုံဂီကို ပြိုင်ဘက်လူမိုက်ဂိုဏ်းအဖွဲ့ဝင်အဖြစ် ပြန်တွေ့လိုက်ရပါတယ်။
ဘဝကို ဆင်းရဲစွာ နေလာရလို့ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်ချင်တဲ့ယုံဂီလိုမျိုး ဂျုံဒယ်ကတော့ ပိုက်ဆံချမ်းချမ်းသာသာနဲ့ နေချင်ခဲ့ပါတယ်။
ဒီတော့ ပြိုင်ဘက်ဂိုဏ်းတွေမှာ ရောက်နေတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဆန္ဒတွေ ပြည့်ဝဖို့အတွက် အဖွဲ့ဝင်တွေ မသိအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ။
နိုင်ငံရဲ့အခြေအနေ မတည်ငြိမ်တဲ့ကာလမှာ စီးပွားရေးသမားတွေရဲ့လောဘတွေ, လှည့်ကွက်တွေ, လူမိုက်ဂိုဏ်းတွေကြားက သစ္စာဖောက်မှုတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးပြသထားတာတွေကို ကြည့်ရှုလိုက်ပါဦးနော်။
(၁၈+ ဇာတ်ဝင်ခန်းတချို့ပါဝင်တာမို့လို့ မိသားစုနဲ့ အတူ ကြည့်ရှုရန် မသင့်တော်ပါ)



Leave a Reply