ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်

ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာရှိတဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က စစ်အုပ်စုစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ရွှေ့ပြောင်းကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ဒီဇင်ဘာ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်နေ ပြည်သူတွေအနေနဲ့ ဒီနေ့မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းမှာ စလင်းမြို့နယ်ကို ရွှေ့ပြောင်းကြဖို့နဲ့ခရီးငွားတွေ ပြည်သူတွေအနေနဲ့လည်း စစ်ယာဉ်တန်းတွေအနီးက ကပ်မလိုက်ဖို့ စလင်း -(ပကဖ) ဆိုထားပါတယ်။

“ပြည်သူတွေ အချိန်မှီရွှေ့ပြောင်းနိုင်ဖို့နဲ့ စကမ ယာဉ်တန်းများနဲ့ အနီးကပ်မလိုက်ကြဖို့ သတိပေးချင်ပါတယ်“လို့ စလင်းပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်ကစပြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းပေါ်က ရွာတွေကို လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ဒီနေ့အထိ တိုက်ပါဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာတော့ နွယ်တမယ်ချောင်းတံတားထိပ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး မနေ့ကတစ်ရက်ထဲမှာပဲ လေကြောင်းကနေ ဗုံးအလုံးသုံးဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နေပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ဒီဇင်ဘာ ၂၃ ရက်နေ့က လေယာဉ်ဗုံးကြဲသွားလို့ ပြည်သူ ၅ဦးလောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ မီးလောင်ဗုံး Rocket တွေနဲ့ပါပစ်ခံရတာ“လို့ အဆိုပါဒေသခံက ပြောပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ပေါ်အပါဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေပါ စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စလင်းမြို့နယ် တညောင်တိုက်နယ်ရဲစခန်းကို အခုနှစ် ဇူလိုင်လမှာပဲ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းပြန်သိမ်းနိုင်ဖို့အတွက် စစ်အုပ်စုတပ်က စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို အင်အားနှစ်ရာနီးပါးနဲ့ မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *