မိုးကုတ်တိုက်ပွဲ PDF ဒရုန်း​ကြောင့်စစ်တပ် အထိနာ

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)နဲ့ အပစ်ရပ်စဲပြီး စစ်တပ် ပြန်နေရာယူထားတဲ့ မိုးကုတ်မှာ PDF က စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၃၀ရက်ကနေ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

“စကစတွေ မိုးကုတ်မျာ အထိနာတယ်။ ဒီမနက်ပိုင်း PDF ဘက်က ဒရုန်းတိုက်ခိုက်တာ။ မနက် ၈ နာရီခွဲနဲ့ ၉ နာရီမှာ ၂ကြိမ်။ မိုးကုတ်အောင်မြေကျောင်းကိုလာချတာ။ အဲဒီမှာ စကစ တပ်တွေ နေရာယူ စုနေတဲ့နေရာလို့ပြောကြတယ်။ အလောင်းတွေ သယ်ထုတ်နေတာ အဝေးကနေ နည်းနည်းတော့ မြင်ကြတယ်”လို့ ​သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ် တပ်စွဲထားတဲ့ကျပ်ပြင် ၊ ပင့်ကူတောင်ပေါ် ရှိတဲ့စေတီအနီး ယ​နေ့နံနက် ၁၀ နာရီခွဲမှာ ဒရုန်းဗုံး​တွေကျခဲ့ပြီးပေါက်ကွဲခဲ့တယ်လို့ ​ဒေသခံအချို့ကလည်း လူမှုကွန်ယက်မှာ ဓါတ်ပုံနဲ့တကွ​ရေးသား​ထားကြပါတယ် ။

ဒေသခံ PDF တပ်ဖွဲ့တွေကတော့ တိုက်ပွဲသတင်းတွေ ထုတ်ပြန်ပြောဆိုတာ မလုပ်ဖို့ အစည်းအဝေး ဆုံးဖြတ်ချက်ရှိထားလို့ ဖြေကြားတာမျိုး မရှိပါဘူး။

မိုးကုတ် တိုက်ပွဲသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်နေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှဒီဇင်ဘာ ၂၄ ရက်နေ့အထိ အထိတိုက်ပွဲကြီးငယ်အကြိမ် ၂၄ဖြစ်ခဲ့ပြီး စစ်တပ်တပ်စွဲရာ နေရာ ၃နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဒီဇင်ဘာ ၇ရက်မှဒီဇင်ဘာ၂၄ ရက်အတွင်း တိုက်ပွဲ ကြီး ၆ကြိမ်၊ တိုက်ပွဲငယ် ၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၈ဦး သေဆုံးကာ ၃ ဦး ဖမ်းမိခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်က ကျေးရွာ ၁ရွာ၊ စိုးမိုးကုန်း ၁ခုအား ထပ်မံသိမ်းပိုက်ရရှိထားကြောင်း NUG ကာကွယ်ရေးက ဒီဇင်ဘာ ၂၄ရက်က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၆ရက်ထုတ်ပြန်ချက်မှာလည်း နိုဝင်ဘာ ၃၀ရက်နေ့ကနေ ဒီဇင်ဘာ ၆ရက်အတွင်း တိုက်ပွဲကြီးငယ် ၉ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အရေးပါတဲ့ စစ်တပ်စခန်းကုန်း တခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုဝင်ဘာ ၉ရက်နေ့ကတည်းက မိုးမိတ်-မိုးကုတ် ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မိုးကုတ်-မိုးမိတ် ဒေသကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူနဲ့ လက်တွဲပြီး တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

(ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး​ပေါက်ကွဲ​နေစဥ်။ Photo: )

Comments

Leave a Reply

Your email address will not be published. Required fields are marked *