အာဏာသိမ်းစစ်တပ် ဖမ်းဆီး၊ ထောင်ချခဲ့သည့် ခရိုနီ ၃ ဦး၊ ဗိုလ်ချုပ် ၄ ဦးနှင့် သူရဦးအောင်ကို၊ ဦးမြင့်နိုင်တို့အား ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များကို နိုဝင်ဘာ ၄ ရက်က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဘွဲ့တံဆိပ်ရုပ်သိမ်းခံရသည့် ခရိုနီသုံးဦးမှာ ရိုးမဘဏ်နှင့် FMI လုပ်ငန်းစုဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ(ခ) Serge Pun(သီရိပျံချီဘွဲ့)၊ ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေ(ဝဏ္ဏကျော်ထင်ဘွဲ့)၊ ဧဒင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးချစ်ခိုင်(စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်)တို့ ဖြစ်ကြသည်။

ဘွဲ့၊တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်လေးဦးမှာ ကာကွယ်ရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်လင်းထွန်း (ဇေယျာကျော်ထင်ဘွဲ့)၊ စစ်လက်နက်ပစ္စည်းညွှန်ကြားမှူးဟောင်း ဗိုလ်ချုပ်ဝင်းလွင်(ဇေယျာကျော်ထင်ဘွဲ့)၊ တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ်လှမြင့်စိုး(ဇေယျကျော်ထင်ဘွဲ့)နှင့် သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ် ဇော်လွင်ဦး(ဇေယျကျော်ထင်ဘွဲ့နှင့် မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်)တို့ ဖြစ်ကြသည်။

ဘွဲ့၊ တံဆိပ်ရုပ်သိမ်းခံရသည့် ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် ဗိုလ်ချုပ်လှမြင့်စိုးတို့မှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုမှာ သူရဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံထားရသူဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှာ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)ချီးမြှင့်ခံထားရသူဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *