စစ်တပ်ပေါ်တာဆွဲ၍ လူငယ်များ ညဘက် မထွက်ရဲ ဖြစ်နေချိန် စစ်ခေါင်းဆောင် ညဘက်လျှောက်သွားနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း လှောင်ပြောင်
အာဏာသိမ်း စစ်တပ် ပေါ်တာဆွဲသည့် ရန်ကိုကြောက်သဖြင့် လူငယ်များ ညဘက် မသွားရဲ၊ မလာရဲဖြစ်နေချိန်တွင် စစ်ခေါင်းဆောင်က ညဘက် လျှောက်သွား ပြနေခြင်းကို ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ လှောင်ပြောင်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် ဒီဇင်ဘာ ၂၀ရက်က ၄င်းတို့ ပြည်မြို့ ညစျေးတန်းအား လျှောက်သွားခဲ့ခြင်းဖြစ်ပြီး ယင်းအခြေအနေအား ဦးစိုင်းသန်းထိုက်က လှောင်ပြောင်ထားခြင်း ဖြစ်သည်။
” အဘ(မူရင်း အယ်ဘ) ကတော့ ဇွတ်။ လူငယ်တွေက ညဘက်မထွက်ရဲလို့ အိမ်စောစောပြန်နေရတဲ့ အချိန်မှာ အဘ(မူရင်း အယ်ဘ) က ညစျေးမှာ ညမင်းသားလုပ်နေတယ်” ဟု လှောင်ပြောင်သည့် အီမိုဂျီများရောနှောကာ ဦးစိုင်းသန်းထိုက်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ပို့စ်၌ ပြည်သူတစ်ဦးက ဟဟreact ပေးထားမိသဖြင့် အဖမ်းခံရမည်ကို ကြောက်ကြောင်း ကွန်းမန့်ပေးထားပြီး ယင်းကွန်းမန့်တွင် ဦးစိုင်းသန်းထိုက်က သူ့အား စစ်တပ်က ဖမ်းမည်မဟုတ်ဟု ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။

“မဖမ်းလောက်ပါဘူး။ ဖမ်းခံထိလဲ အတူတူပေါ့” ဟု ဦးစိုင်းသန်းထိုက်က ပြန်ပြောထားခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း တိုင်းစစ်ဌာနချုပ် ၂ခု စွန့်လွှတ်ခဲ့ရသည်ထိ အထိနာခဲ့ပြီးနောက် စစ်မှုထမ်းဥပဒေ အတင်းအကျပ်ပြဌာန်းကာလူငယ်များအား အဓမ္မ စစ်သားလုပ်ခိုင်းခြင်းကို ပြုလုပ်လျှက် ရှိနေသည်။
ဦးစိုင်းသန်းထိုက်သည် အဆိုပါအခြေအနေအား တိုက်ရိုက် မပြောရဲသဖြင့် သွယ်ဝိုက် လှောင်ပြောင်ခြင်း ဖြစ်ပြီး စစ်တပ် အလိုကျနေထိုင်နေသူ ဖြစ်၍ အာဏာသိမ်း စစ်တပ်က ဖမ်းမည်မဟုတ်ဟု ရန်ကုန်မြို့နေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဝေဖန်ထောက်ပြသည်။
” စစ်တပ် အလိုကျနေတဲ့ သူပဲဗျာ။ ဘယ်ဖမ်းပါ့မလဲ။ ဒဲ့လည်း ရေးတာမှာမဟုတ်ဘဲ၊ ဖားယားနေတဲ့ သူတွေလေ။ ဒါလည်း ဖားတဲ့ ပို့စ်ပဲ။ ဒီလိုပဲမြင်တယ်။ တော်လှန်ရေး ကို ဖြိုခွင်းနေလို့ စစ်သားလိုတယ် ဒါကြောင့် ပေါ်တာဆွဲတယ်။ လူငယ်တွေ မထွက်ရဲဘူး။ ဒဲ့ရေးတာမှ မဟုတ်ဘဲ” ဟု ရန်ကုန်မြို့နေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
ဦးစိုင်းသန်းထိုက်သည် ပြည်ကြီးတံခွန်မြို့နယ်မှ နေ၍ အတုအယောင် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီတိုင်းဒေသကြီး အမတ်လောင်း ဖြစ်သည်။
၄င်းသည် ဒီဇင်ဘာ ၁၀ ရက်က လူထု၏ အသံတိတ်သပိတ် အောင်မြင်သည်ကို မယုံကြည်ခဲ့သူ တစ်ဦး ဖြစ်ပြီး စစ်တပ်အလိုကျ မန္တလေးမြို့အတွင်း လျှောက်သွားနေခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်


Leave a Reply