အခုနာမည်ကြီးနေတဲ့ ဗျတ္တပန်းဆက်လမ်းကို သီတင်းကျွတ် ပိတ်ရက်မှာ သွားခဲ့ပါတယ်။
ပုပ္ပါးတောင်ပေါ်ရွာဆိုပြီး နာမည်ကြီးနေတာနဲ့ ပုဂံကအပြန် ဝင်ကြမယ်ဆိုပြီး သွားကြတာပါ။
ညောင်ဦးက လမ်းခွဲပြီး ပန်းဆက်လမ်း ပေါ်စတက်ထဲက ကားအသွားအလာ မရှိသလောက်ကိုပြတ်တာပါ။
နောက်တလမ်းလုံး လမ်းဘေးမှာ ပိုက်ဆံထွက်တောင်းနေတဲ့ လူတွေ ဆိုတာ အရွယ်စုံပဲ။

လက်တွေတားပီး တောင်းနေကြတာ စတွေ့ခါစကတော့ ဪ ဒီဘက်က ဒီလိုပဲလေ ဆိုပီး နေပေမယ့် လမ်းတလျှောက်လုံး တွေ့ .. ကားအသွားအလာလဲမရှိ ကိုယ်တွေတစီးထဲဆိုတော့ ကြောက်လာတာပါ။
လူတွေကိုကြည့်ရင်း ဇွန်ဘီ တွေလား လို့တောင်ထင်မိတယ် 🧟♂️🧟♂️
တကယ် ကားများရပ်ပီး ပိုက်ဆံပေးမိရင် အကုန်ဝိုင်းအုံလာမှာပါ။
လူကိုအန္တရာယ်မပြုဘူးလို့လဲ မပြောနိုင်ပါဘူး ။
ကိုယ်တွေကတော့ အစထဲက အဲ့လို ကားပေါ်ကပစ်ချ ပေးကမ်းတာမျိုးမလုပ်တတ်တော့ ရပ်လဲမရပ်ပါဘူး။
အဲ့ချိန်မှာ တွေးမိတာ ကားသာတခုခုဖြစ်ပြီး ထိုးရပ်သွားရင် ဒုက္ခပဲဆိုပြီး ပြန်ကွေ့ဖို့တောင် ခဏမရပ်ရဲတာနဲ့ ကြောက်ကြောက်နဲ့ပဲ ဆက်သွားခဲ့ကြပါတယ်။

ပုပ္ပါးရောက်တော့မှ အသိကားနဲ့ ဆုံပြီး အပြန်ကျ တခြားလမ်းက ပတ်ပြန်ခဲ့ပါတယ်။
ပြောချင်တာက ခုကာလမှာ လနက ဘာညာ အသာထား အဲ့လမ်းအခြေအနေကကို အန္တရာယ်များတာပါ။
လူတွေ စားဝတ်နေရေးကြပ်တည်းနေကြတော့ ကြုံရင် လုပ်ကြမှာပါပဲ။
အဲ့တော့ သွားသင့်လား မသင့်လား ဆိုတော့ သတိရှိရှိနဲ့ သွားကြရင် ကောင်းပါတယ်။
လူအရမ်းပြတ်တဲ့နေရာ မျိုး ရှောင်ဖို့ ၊ သူများတွေရေးတဲ့ review တွေ ပုံတွေပဲကြည့်ပီး လမ်းအခြေအနေမကြည့်ပဲ သွားတာမျိုးမလုပ်ဖို့၊ ပုံရိုက်ချင်တာနဲ့ပဲ ဘေးပတ်ဝန်းကျင်ကို မျက်ခြေပြတ်တာမျိုးမဖြစ်ကြဖို့ပဲ လိုပါတယ်။
ကိုယ်တွေ့ ကြုံသူတဦးရဲ့ အတွေ့အကြုံ မျှဝေ သတိပေးလိုက်ပါတယ်..။

ဗျတ္တပန်းဆက်လမ်းကို ကမ္ဘာ့အရှည်ဆုံး သူတောင်းစားလမ်း မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
နာမည်လေးကတော့ ဗျတ္တပန်းဆက်လမ်းတဲ့။ ပုဂံခေတ်က ကိုဗျတ္တဟာ ပုပ္ပါးက ပန်းတွေကိုခူးပြီး အနော်ရထာနန်းရှိရာ ပုဂံရာမမြို့ကို ပန်းဆက်ခဲ့ရာလမ်းလေးပေါ့။ တစ်ကယ့်ကို ဒဏ္ဏာရီထဲက လွမ်းမောဘွယ်ရာ လမ်းလေးပေါ့။ အခုတော့ ပြည်တွင်း Hijet ပစ်ကပ် ဘုရားဖူးကားတွေရဲ့ ကောင်းမှုကြောင့် ကမ်ဘာ့အရှည်ဆုံး သူတောင်းစားများလမ်းလို့ အမည်တွင်တော့မှာပေါ့။
လွန်ခဲ့တဲ့ ဆယ်နှစ်စီလောက်ကအထိတော့ တောင်းစားတဲ့သူတွေ အရမ်းမများသေးပါဘူး။ အခုတော့ ညောင်ဦး ဗျတ္တလမ်းခွဲကစပြီး ပုပ္ပါးရောက်ခါနီးအထိ ကီလိုမီတာ ၃၀ နီးနီး တောင်းရမ်းသူတွေနဲ့ပြည့်လာတဲ့လမ်းဖြစ်နေပါပေါ့။
ရွာမှာသက်ကြီးရွယ်အိုဒီလောက်မများနိုင်ဘူး..နောက်ကွယ်မှာဆိုင်ကယ်တွေနဲ့ခေါ်လာပြီး..ဂိုဏ်းဖွဲ့လုပ်နေသလားလို့…တောင်းနေတဲ့လူတန်းလည်းကုန်ရော..တောင်တော်မြတ်ဇာတ်လမ်းလည်းစ..အမိုက်ပုံတွေဟီးထနေတဲ့တောင်တော်မြတ်တောင်တက်လမ်းရောက်ရော…အမိုက်ပစ်စရာနေရာရှားပါးလားမသိ..
တစ်ချို့တွေများ ဆိုင်ကယ်လေးတွေတောင် သစ်ပင်ရိပ်မှာရပ်ထားပြီး အပျော်လာယတောင်းနေသလား ထင်ရတယ်။ ဟိုးအရင်တုန်းကတော့ ဒီနေရာတွေမှာ ရေမရှိလို့ လယ်လုပ်မရလို့ စတဲ့အကြောင်းပြချက်တွေနဲ့ တစ်ချို့သော ဝမ်းရေးအဆင်မပြေတဲ့သူတွေ သက်ကြီး ရွယ်အိုတွေထွက်တောင်းကြတယ်ပေါ့။

နောက်တော့ ဘိုးဘိုးအောင်ထွက်ပွဲ ပုပ္ပါးမယ်တော်ဆက်ပွဲစသဖြင့် နတ်ပွဲပေါင်းစုံကျင်းပကြ ။ အဲဒီနတ်ပွဲတွေကို အကြောင်းအမျျိးမျိုးကြောင့် လာရောက်ပွဲဆက်သူ တွေကအပြန်မှာ ရွှေမိုး ငွေမိုး ရွာတယ်ဆိုပြီး ကားပေါ်ကနေ ငွေစက္ကူ အကြွေအချို့ စပြစ်ချရာကနေ တစ်ဆငိ့နားတစ်ဆငိ့်ကြားနဲ့ ပထမတော့ အပျော်ကောက်ကြရာကနေ အခုတော့ ရွာစဉ်နီးနီး ထွက်ကောက်ကြရာကနေ မမျှော်လင့်ပဲ သူတောင်းစားလမ်းရှည်ကြီးလို့ ထင်ဖို့ရာတွေ ဖြစ်လာတော့တာပါပဲ။
အခုလို ပစ်ကပ်မျိုးစုံနဲ့ မိသားစုဘုရားဖူး ထွက်လါတဲ့သူတွေကပါ ပိုက်ဆံ ချိုချဉ် စသဖြင့်ကြဲချနေကြတော့ တစ်နေ့ တစ်နေ့ ပွဲတော်ကြီးအလားပေါ့။
နေရင်းထိုင်ရင်း ကမ်ဘာ့အရှည်ဆုံး သူတောင်းစားလမ်းကြီးလို့ နိုင်ငံတကာခရီးသွားတွေက သတ်မှတ်ကြပြီပေါ့။
ဘယ်လိုကာကွယ်ကြမတုံးတဲ့။ ပုဂံဒေသမှာရှိတဲ့ ဧည့်လမ်းညွှန်များကလည်းစုပေါင်းလို့ ကားပေါ်ကငွေ မုန့် ချိုချဉ် အစရှိသဖြင့် ပြစ်မချကြဖို့ ပန်းဖလက်တွေရိုက်ပြီး ဗျတ္တပန်းဆကိလမ်းအဝင်ကနေ ကမ်းခဲ့ကြဖူးပါတယ် ။ ဒါပေမယိ့ ပေးတဲ့သုတွေကရှိမြဲ တောင်းတဲသူတွေကလည်းရှိမြဲ ၊ ခုဆိုပိုတောင်များလာသေး။
အဲ့တော့ဖြစ်နိုင်ရင် နိုင်ငံတော်အဆင့်အနေနဲ့ သေချာထိန်းချုပ်စေချင်ပါတယ်။

တောင်းစားတဲ့သူတွေကို တောင်းစားလို့ဆိုပြီး ရဲစခန်းခေါ် ဖမ်းချုပ်ထားဖို့ကလည်း မဖြစ်လေတော့ မီဒီယာတွေကနေ မြန်မာဘုရားဖူးခရီးသွားများကို ကားပေါ်ကနေ ငွေစက္ကူ ၊ မုန့် ၊ သကြားလုံး စသဖြင့်ပြစ်မချကြဖို့ ပြစ်ချခဲ့လို့ တွေ့ရှိခဲ့ရင် အပြစ်ဒဏ်ပြင်းပြင်း ထန်ထန်ချမှတ်မှာဖြစ်ကြောင်း ကြေငြာပေးစေချင်ပါတယ်။
ကြေညာပြီးရင်လည်း ထိထိရောက်ရောက်လိုက်လံအရေးယူ စေချင်ပါတယ်။ တစ်ဖက်ကလည်း သက်ဆိုင်ရာ မြို့နယ် ကျေးရွာ ရပ်မိရပ်ဖ များပေါင်းလို့ မိမိတို့ရင်သွေးငယ်များ မရည်ရွယ်ပဲ သူတောင်းစားမဖြစ်သွားစေရေး လိုက်လံပညာပေး နှိုးဆော်ပေးကြပါဦး။
တစ်ကယ်လို့ ပေးမယ့်သူသာမရှိတော့ရင် တောင်းတဲ့သူတွေလည်း တဖြည်းဖြည်းလျော့နည်းပပျောက်သွား လိမ့်မယ်ထင်မြင်မိပါကြောင်း။
✍🏻 Wallace Thaung Win Tun
ဗျတ္တပန်းဆက်လမ်းပေါ်မှာ တောင်းရမ်းနေရတဲ့ အဘွားအိုများ

ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမကြီး တစ်လျှောက်မှာရှိနေတဲ့ ရွာတချို့က သက်ကြီး ရွယ်အိုတွေဟာ ကားလမ်းဘေးမှာ တောင်းရမ်းနေတာ အရင်ထက် ပိုများလာနေပါတယ်။
“အဘိုးအိုက အိပ်ယာက မထနိုင်ဘူး။ အဘွားက တောင်းကျွေးနေရတာပဲ။ သူက အိပ်ယာထဲက မထနိုင်ဘူး။ အမှန်ပြောရတာပါ။ သူက အသက် ၇၀ ကျော်ပြီ။ အိမ်မှာ ဖင်တရွတ်ထိုး သွားနေရတာပါ။ လှူသူရှိရင်တော့ ဒီလိုရတာပေါ့။ နောက်တစ်ခါ တစ်ယောက်လာရင်တော့ ဒီလိုပေးခဲ့ရင်တော့၊ ဒီလိုသာမှာပေါ့။ ဒီနေ့အဖို့ကတော့ မလာတော့ဘူး။ ဒီအသက်အရွယ်မှာ တောင်းစားရတာ ပင်ပန်းပါသကော။ အဘွားတို့က ထာဝစဉ် မတောင်းစားပါဘူး”
ဒေါ်ရွှေဥလို့ နာမည်လွှဲထားတဲ့ အသက် ၉၀ အရွယ် အဘွားအို ပြောပြနေတာပါ။ သူက မန္တလေးတိုင်း ပုပ္ပားနယ်ထဲက ခွေးတောက်ပြုတ်ရွာကပါ။ အရင်က မလုပ်ခဲ့ဘူးတာကို အခုလုပ်နေရတာလို့ အဘွား ဒေါ်ရွှေဥက ပြောပါတယ်။

ပြည်သူအများစု စားဝတ်နေရေးခက်ခဲနေတဲ့အခုအချိန်မှာ ကျေးလက်နေပြည်သူတွေ ပိုခက်ခဲနေကြပါတယ်။ ဒါကြောင့် အရင်က သိပ်မတွေ့ရတဲ့ လမ်းဘေးထွက် အကူအညီတောင်းနေတာကို ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမပေါ်မှာ အတော်များများမြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုပ္ပားတောင်ကလပ်သွားတဲ့ လမ်းတစ်လျှောက် ဗျတ္တလမ်းမပေါ်မှာ တောင်းရမ်းစားသောက် နေကြရတဲ့သူတွေဟာ အသက် ၇၀ ကနေ ၉၀ အရွယ်တွေ ဖြစ်နေပါတယ်။ သူတို့ဟာ အကူအညီအထောက်အပံ့မရှိ၊ အလုပ်မရှိလို့ စားဝတ်နေရေးအတွက် မဖြစ်မနေ လုပ်ကိုင်နေကြရတာပါ။
အဲဒီအထဲမှာ ခွေးတောက်ပြုတ်ရွာမှာ နေထိုင်တဲ့ အသက် ၉၀ အရွယ် အဘွား ဒေါ်ရွှေဥ (အမည်လွှဲ) လည်း အပါအဝင်ပါ။ သူဟာ ဗျတ္တလမ်းမကြီးပေါ်ကို သူတို့ရွာကနေ အသွားအပြန် လေးနာရီလောက် လမ်းလျှောက်ရတယ်လို့ ဆိုပါတယ်။

သူတို့ဟာ မိုးလင်းကနေ နေဝင်ချိန်အထိ အဲဒီလမ်းမကြီးပေါ်မှာ ရှိနေတတ်ပါတယ်။ အသက်ကြီးတဲ့သူတွေဖြစ်နေလို့ အလုပ်ခိုင်းမယ့်သူလည်း မရှိတာကြောင့် အခုလို ထွက်တောင်းနေရတာလို့ ဒေါ်ချိုချိုလို့ နာမည်လွှဲထားတဲ့ အသက် ၈၀ အရွယ် အဘွားက ပြောပါတယ်။
“အဘိုးကြီး၊ အမေကြီး နှစ်ယောက်တည်း တောင်းကျွေးရတာ၊ လုပ်ကျွေးမယ့်သူ မရှိတော့ ကိုယ်ကလည်း အသက်ကြီးတော့ သူများတွေက ဘယ်သူမှမခိုင်းတော့ဘူး။ အဲဒါကြောင့် ဒီလမ်းလေးသွားရင်တော့ တစ်ကျပ်၊ တစ်ပြားတော့ရမှာပဲဆိုပြီး ထွက်လာရတာ”
ကျန်းမာရေးမကောင်းတဲ့ အမျိုးသားဖြစ်သူအတွက် တစ်လတစ်ခါ ဆေးကုစရိတ်လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဘွားနောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်မေရီကလည်း အရင်က အခုလို မတောင်းစားဖူးဘူး လို့ ပြောပါတယ်။
“အမေကြီးတို့က အမှန်ပြောရရင် စာလည်း မတတ်ဘူး။ ဟုတ်တာ ပြောတာပါ။ အခုကျတော့ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့လည်း ကြောက်ပေမယ့် တောင်းရတယ်။ ဟိုတစ်လောက မုန်တိုင်းဖြစ်တော့လည်း တောင်းရတယ်။ သမီးတွေက ရန်ကုန် ဈေးရောင်းတော့လည်း အလုပ်တွေမဖြစ်တော့ မပို့ဘူးလေ။ အဒါကြောင့် ငါ့သားတွေ၊ သမီးတွေ လာရင်တော့ ပိုက်ဆံရမှာပဲ။ ငါ့အစ်မတွေ၊ ညီမတွေ သွားရအောင်ဆိုပြီး ခေါ်လာခဲ့တာ။ မဟုတ်တာ မပြောပါဘူး”

ခွေးတောက်ပြုတ်ရွာဟာ စိုက်ပျိုးရေးနဲ့ ထန်းလျက်လုပ်ငန်းကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြတာပါ။
အရင်ကတော့ လင်ယောကျ်ားက နေ့တိုင်း ထန်းတက်သမား အလုပ်လုပ်ခဲ့လို့ အဆင်ပြေပေမယ့် အခု ထန်းပင်ပေါ်ကပြုတ်ကျပြီး အလုပ်မလုပ်နိုင်တော့တဲ့ နောက်ပိုင်းမှာတော့ နေပူမရှောင်၊ မိုးရွာမရှောင် သူပဲ ရှာကျွေးတော့တယ်လို့ အဘွား ဒေါ်ရွှေဥက ပြောပါတယ်။
“အသက် ၆၀ စွန်းထဲက ပြုတ်ကျတာ။ ထန်းပင်ပေါ်က လျှောကျတာ၊ ကြာပြီ။ အခု ၇၅ နှစ်ရှိပြီ။ အသက် ၆၀ ထဲက မလုပ်နိုင်တာပဲ။ မိုးရွာလည်း ထွက်တာပဲ။ မိုးမိရင် ထီးလေး ယူသွားလိုက်တယ်။ ထီးလေးဆောင်း တောင်းရတာပဲ။ မရဘူးဆို ပြန်လာခဲ့တယ်”
ဒီဗျတ္တလမ်းမကြီးမှာ တောင်းနေတဲ့သူတွေကို ကားနဲ့တိုက်မိလို့ သေဆုံးတာတွေလည်း ရံဖန်ရံခါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NLD အစိုးရလက်ထက်ကတော့ ဗျတ္တလမ်းပေါ်က တောင်းစားနေသူတွေကို ပညာပေးအစီအစဉ်တွေနဲ့ အလှူရှင်တချို့က ထောက်ပံ့ကူညီခဲ့လို့ တောင်းစားတဲ့သူတွေ မရှိသလောက်နည်းသွားတယ်လို့ ပြောကြပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ကြုံလာရတဲ့ အခက်အခဲမျိုးစုံကြောင့် ရှက်စိတ်၊ ကြောက်စိတ်ကို ချိုးနှိမ်ပြီး အခုလို လမ်းပေါ်ထွက် တောင်းစားလာကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သတိထားမိသလောက်ဆို အာဏာသိမ်းပြီး ၂၀၂၂ နှစ်ဆန်းပိုင်းလောက်ကတည်းက ဒေသခံ သက်ကြီးရွယ်အိုတွေ လမ်းပေါ်ထွက် တောင်းစားလာကြတာပါ။ အာဏာ သိမ်းထားတဲ့ ဒီကာလမှာ အဆိုးဆုံး ကြုံတွေ့နေရတဲ့ အခြေအနေပေါ့။ ဒါပေမဲ့လည်း အပြစ်မပြောရက်ဘူး။ နေပူစပ်ခါးမှာ ထနောင်းပင်ရိပ်လေးခိုပြီး လမ်းပေါ် ဖြတ်သွားတဲ့ကားကို တောင်းကြရတာ။ ဘဝတွေက အတော်ဆိုးပါတယ်။ သူတို့လည်း ရှက်တဲ့၊ ကြောက်တဲ့စိတ် ရှိတာပေါ့။ ဒါပေမဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် တောင်းစားနေကြရတာ”
တောင်းစားနေကြတဲ့သူအများစုဟာ အသက် ၇၀ ကျော်အရွယ်တွေ အများဆုံးဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုများတယ်လို့ ဆိုပါတယ်။
ဗျတ္တလမ်းပေါ်မှာရှိတဲ့ ရွာတော်တော်များများဟာ ခေတ်အဆက်ဆက်မှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခဲ့ပြီး၊ လူငယ်အများစုကတော့ ဝေးရပ်မြေတွေကိုသွားလို့ အလုပ်လုပ်နေကြရတယ်လို့ သိရပါတယ်။


Leave a Reply