အဖေအရင်းက အသက် ၁၅ နှစ်အရွယ် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်

အဖေအရင်းက အသက် ၁၅ နှစ်အရွယ် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်လို့ သမီးအကြီးဆုံးဖြစ်သူက တရားစွဲဆိုထား

ပဲခူးတိုင်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်ထဲကဥသျှစ်ပင်မြို့မှာ ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မ ပြုကျင့်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ညနေ ၅ နာရီက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ပန်းတောင်းရဲစခန်းမှာ အစ်မ ဖြစ်သူကိုယ်တိုင် ညီမဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ကို အရေးယူပေးဖို့ လာရောက်တိုင်ကြားခဲ့တာလို့ သိရပါတယ်။

” ကြားတာတော့ အစ်မဖြစ်တဲ့သူက စခန်းမှာ အမှုလာဖွင့်တာ။ သူ့ညီမကို အဖေအရင်းက မဒိမ်းကျင့်တယ်။ အကြိမ်ကြိမ်ပြုကျင့်ပြီး ကေသီပန် နဲ့ အရက်တွေတိုက်တယ်။ ကိုယ်ဝန်မရအောင်။ အဲ့ဒါတွေ ပြောပြပြီး အရေးယူပေးဖို့ လာတိုင်တာ ” လို့ ဒေသခံတဦးက ပြောပါတယ်။

ညီမဖြစ်သူက သူ့အဖေက အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး အရက်နဲ့ ကေသီပန် ရောတိုက်တယ်လို့ သူ့အစ်မကို ပြောပြတာကြောင့် အစ်မဖြစ်သူကိုယ်တိုင် အခုလို တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပြီး အဓမ္မ ပြုကျင့်ခံရတဲ့ မိန်းကလေးဟာ အသက် ၁၅ နှစ်ဝန်းကျင်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

“အဲ့နေ့က ဖအေက အရက်မူးပြီး ကလေးမလေး ဝတ်ထားတဲ့ ဘောင်းဘီကို အတင်းဆွဲချွတ်ပြီး အဓမ္မကျင့်တာ။ အရင်ကလည်း အဲ့လိုတွေ လုပ်တယ်လို့ပြောတယ်။ လုပ်ပြီးတိုင်း ကိုယ်ဝန်မရအောင် အရက်နဲ့ ကေသီပန်ရောတိုက်တယ်။ သူတို့ မောင်နဲ့ အငယ်ဆုံး ညီမတွေ အိမ်မှာ မရှိချိန် ခုလိုလုပ်တာ” လို့ ဖြစ်စဉ်ကို ကြားသိခဲ့သူတဦးက ပြောပါတယ်။

အသက်မပြည့်သေးတဲ့ ကိုယ့်သားသမီးအရင်းကို အခုလို အဓမ္မအကြိမ်ကြိမ်ပြုကျင့်တဲ့ ဖခင် ဦးမောင်ဦးကို အကြီးဆုံးသမီးဖြစ်သူက ကိုယ်တိုင် တရားစွဲဆိုထားတာဖြစ်ပြီး ရဲဘက်က ရာဇသတ်ကြီး ပုဒ်မ (၃၇၆) နဲ့သာ လတ်တလော အရေးယူထားတယ်လို့ ရဲနဲ့နီးစပ်တဲ့ သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *