ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ်၇ ရပ်ကွက် ခိုင်နေဝင်းလမ်းမှာ နေထိုင်တဲ့ ဦးသန်းဝင်းဟာ ဒီဇင်ဘာ ၂၉ ဒီနေ့မနက်အစောပိုင်းမှာ ကယ်ရီအငှားလိုက်သွားစဥ် လည်ပင်းကို ဓားနဲ့လှီးသတ်ခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူ ဦးသန်းဝင်းဟာ အသံချဲ့စက် အငှားလိုက်ဖွင့်တာ၊ ဆိုင်ကယ် ကယ်ရီမောင်းတာတွေ လုပ်နေသူဖြစ်ပြီး မနက်အစောပိုင်း ဆိုင်ကယ်ကယ်ရီ အငှားလိုက်သွားတဲ့အချိန် မအူပင်မြို့ အိုင်ဝိုင်း စာသင်ကျောင်းအရှေ့မှာ လည်ပင်းကို ဓားနဲ့အလှီးခံရတဲ့ ဒဏ်ရာနဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူ ဦးသန်းဝင်း မိသားစုနဲ့ နီးစပ်သူတယောက်က “ဒီမနက် ၅ နာရီခွဲလောက်က ကယ်ရီ ခေါ်လို့ လိုက်သွားတာ။ အိုင်ဝိုင်းလမ်း စာသင်ကျောင်း လူပြတ်တဲ့နားရောက်တော့ ရောက်ပြီ၊ အရှိန်လျှော့လို့ ပြောလို့ အရှိန်ရှော့တဲ့အချိန် အနောက်ကနေ လည်ပင်းကို ဓားနဲ့လှီးပြီး ပြေးတာ ကောင်လေးက အသက်ငယ်ငယ်ပဲ ရှိမယ်။ ဘောင်းဘီရှည် အင်္ကျီကွက်နဲ့ ကျောပိုးအိတ်လွယ်ထားတယ်လို့ ဦးသန်းဝင်း မသေဆုံးခင်မှာ ပြောပြတယ်”လို့ ပြောပါတယ်။
မနက်အစောကြီး ဓားဒဏ်ရာနဲ့ လဲနေတာ တွေ့လို့ မအူပင်မြို့ အနှိုင်းမဲ့ လူမှုကူညီရေးအသင်းကားနဲ့ မအူပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးတာလို့ ဆိုပါတယ်။
သေဆုံးသူကို သေမှုသေခင်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး နေ့ခင်းပိုင်းမှာ ဦးသန်းဝင်း နေထိုင်ခဲ့တဲ့ အမှတ် ၇ ရပ်ကွက်၊ ခိုင်နေဝင်းလမ်းကို ပြန်လည်သယ်ဆောင်ပို့ မိသားစုဝင်တွေက စီစဥ်နေတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


Leave a Reply