မကွေးတိုင်း၊ချောက်မြို့နယ်တွင်စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးသွားကြောင်းသတင်းရရှိသည်။
အမှတ် (၃) ပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးသွားကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်တွင် ချောက်မြို့နယ်အတွင်းရှိပြည်ထောင်စုလမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကိုချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မကွေးခရိုင် ပကဖပူးပေါင်းတပ်ဖွဲ့များက သုံးကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မိမိတို့မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးရန်သူစစ်ကောင်စီ အရာရှိတစ်ဦးနဲ့ တပ်သား ၁၁ ဦး သေဆုံးသွားကြောင်းသိရှိရပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါစစ်ဆင်ရေးကို ချောက်မြို့နယ် ပကဖ နှင့် မကွေးခရိုင် ပကဖ တို့က ဦးဆောင်ကာ Chauk Guerrilla Force၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊မြေလတ်ရေနံ့သာအဖွဲ့၊ Chauk Revolution Force၊ Chauk Special Attack Force နှင့် သခင်ဖိုးလှကြီးအဖွဲ့ စသည့် မကွေးခရိုင် ပကဖ လက်အောက်ခံ တပ်ခွဲ (၆)ခုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်ချောက်မြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းများကိုချောက်မြို့နယ် ပကဖ နှင့် မကွေးခရိုင် ပကဖ ပူးပေါင်းတပ်ဖွဲ့များကဆက်လက်ခုခံကာကွယ်လျက်ရှိကြောင်း သိရသည်။


Leave a Reply