ငမိုးရိပ်ချောင်းထဲ ပိုင်ရှင်မဲ့ အမျိုးသမီးရုပ်အလောင်းတခု မျောပါလာလို့ ပျောက်ဆုံးသူ ရှိမရှိ စုံစမ်းနေ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် စီမံကိန်း(၁၄) ရပ်ကွက်အနီးက ငမိုးရိပ်ချောင်းထဲ အမျိုးသမီးရုပ်အလောင်းတခု ပက်လက်အနေအထားနဲ့ မျောပါလာတာကို တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၈ ညပိုင်းက အမျိုးသမီးရုပ်အလောင်းတခု ရေထဲမျောလာတာကို မြို့ခံပြည်သူတွေက စတင်တွေ့ခဲ့တာလို့သိရပြီး ပရဟိတအဖွဲ့တွေထံ ချိတ်ဆက်အကူအညီတောင်းခဲ့ကြတာလို့ သိရပါတယ်။

“အနံ့က ကမ်းနားကလူတွေထိပါ ရတာ၊ ပက်လက်အနေအထားနဲ့ ပုပ်ပွနေပြီ၊ ရက်အတော်ကြာနေပုံရတယ်၊ ဆံပင်ကတော့ တိုတယ်၊ အသက်ကို ခန့်မှန်းဖို့ခက်တယ်” လို့ မြို့ခံပြည်သူတဦးက ပြောပါတယ်။

ပိုင်ရှင်မဲ့ရုပ်အလောင်းကို မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သွားရောက် ဆယ်ယူခဲ့ပြီး ကာယကံရှင်မိသားစုတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

“ရဲတွေကတော့ မှတ်တမ်းတွေ လာယူသွားတယ်၊ ပျောက်ဆုံးသူ ရှိမရှိ စုံစမ်းနေတယ်၊ ခုက ဆေးရုံရင်ခွဲရုံမှာ ထားပြီးရင် တခါတည်း သဂြိုလ်မှာပါ ရုပ်လဲပျက်နေပါပြီ” လို့ မြို့ခံပြည်သူတဦးက ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးရုပ်အလောင်းကို သင်္ကန်းကျွန်းစံပြဆေးရုံက ရင်ခွဲရုံမှာ ထားရှိပြီး ဒီကနေ့ နေ့လည်ထိ မိသားစုတွေကို စောင့်ကာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *