ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်နေ့) က ကျင်းပပြီးစီးသွားသော ရွေးကောက်ပွဲတွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် စစ်တွေမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာယှဥ်ပြိုင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရှုံးနိမ့်သွားကြောင်း ၎င်းက ပြောသည်။
၎င်း၏ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ပါတီက နိုင်သင့်သလောက်နိုင်တာပဲ။ ရှုံးတဲ့နေရာလည်း ရှုံးရတာမဟုတ်ဘူးလား။ သူ့ရဲ့ ပေးထားချက်တွေက နိုင်တဲ့ဥစ္စာမဟုတ်ဘူးလေ။ ဒီနိုင်တဲ့ဥစ္စာမဟုတ်ဘူးဆိုတာကို ကျွန်တော် ကြိုသိတာပေါ့ “ဟု ဒေါက်တာအေးမောင်က ပြောသည်။
၎င်း၏ ပါတီက စစ်တွေမြို့တွင် နေရာအနည်းငယ်အနိုင်ရရှိထားပြီး မာန်အောင်တွင်လည်း အနိုင်ရရှိ ထားကာ ကျောက်ဖြူတွင် ကြံ့ခိုင်ရေးပါတီက ဦးဆောင်နေကြောင်း ၎င်းကပြောသည်။
ရခိုင် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရွေးကောက်ပွဲလုပ်ခွင့် မပြုထားရာ အာဏာသိမ်းစစ်တပ်အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်ခဲ့သည်။
ထိုသုံးမြို့နယ်တွင် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးဘရှိန် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပါတီငယ်များဝင်ရောက်ယှဥ်ပြိုင်ကြခြင်းဖြစ်သည်။
ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်ကလည်း ကျောက်ဖြူမြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်နေပြီး ၎င်း၏ အခြေအနေ မသိရသေးပေ။
၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ၌ ပြည်နယ်တွင်း မဲအများဆုံး အနိုင် ရရှိခဲ့သည့် ရခိုင်အာင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)ကို ပါတီမှတ်ပုံတင်ခွင့် ပိတ်သိမ်းလိုက်ခြင်းကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရရှိခဲ့ပေ။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၁) တွင် လုပ်မည့် သုံးမြို့နယ်အနက် မာန်အောင်တွင်သာ မြို့နယ်တစ်ခုလုံး ပြုလုပ်နိုင်မည်ဖြစ်ပြီး စစ်တွေမြို့ပေါ် ကစ္ဆပ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၇ ခု၊ ကျောက်ဖြူမြို့နယ်တွင် စနဲမြို့ပေါ် ၅ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၄၈ အုပ်စုတို့တွင် ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ပထမပတ်တွင် စစ်ကော်မရှင်က ကြေညာထားသည်။
လက်ရှိတွင် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများအများအပြား၌ အာရက္ခတပ်တော်(AA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။r


Leave a Reply