စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက် စားသောက်ဆိုင်တန်းတစ်ခုကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ်လေယာဉ်နှစ်စီးက ဗုံးကြဲ၊ ပစ်ခတ်ခဲ့ပြီးနောက် တွေ့မြင်ရသော မြင်ကွင်းများဖြစ်သည်။
ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအရှေ့ဘက် ကုန်တင်ယာဉ်နှင့် ဆီသယ်ယာဉ်များ ရပ်နားလေ့ရှိသည့် စားသောက်ဆိုင်တန်းရှိ စတားလင့်အင်တာနက် အသုံးပြုသောနေရာနှင့် စားသောက်ဆိုင်တစ်ခုတို့ကို ဦးတည်ကာ မွန်းတည့် ၁၂ နာရီကျော်အချိန်၌ တိုက်လေယာဉ် တစ်စီး၊ MI 35 ရဟတ်ယာဉ် တစ်စီးတို့ ဖြင့် အကြိမ်ကြိမ် ပစ်ခတ်၊ ဗုံးကြဲခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦး၊ ၂၅ နှစ်ခန့် အမျိုးသမီးတစ်ဦး ၊ ၃၀ နှင့် ၄၀ ကြားအရွယ် အမျိုးသား ခြောက်ဦးတို့ နေရာမှာပင် သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူစဉ် တစ်ဦး သေဆုံးခဲ့သဖြင့် စုစုပေါင်း ကိုးဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ရွှေဘို-မြစ်ကြီးနားလမ်းကြောကို ပိတ်ထားတဲ့အခါမျိုးမှာ ဆီကားတွေ၊ ကုန်ကားတွေ နားတဲ့ ဆိုင်တန်းပေါ့။ အခုရက်ပိုင်းကလည်း ကန့်ဘလူဘက်ခြမ်းက စကစ တပ်တွေက လမ်းကြောပိတ်ထားလို့ ဆီဘောက်ဆာတွေ ရပ်နေတဲ့အချိန်မှာ အခုလိုလုပ်သွားတာပါ” ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုများအပြင် ဆီဘောက်ဆာ၊ ဆီသယ်ကားနှင့် ကုန်ကား စုစုပေါင်း ကိုးစီးခန့် မီးလောင်ပျက်စီးခဲ့သည်။
စစ်တပ်ဒရုန်းများက အဆိုပါနေရာကို ကြိုတင်ကင်းထောက်ပြီးနောက် ၁၀ မိနစ်ခန့်အကြာ လေယာဉ်များ ရောက်လာကြခြင်းဖြစ်သည်ဟု ခင်ဦးဒေသခံတို့က ပြောသည်။
ဗုံးကြဲ၊ ပစ်ခတ်ခံရသောနေရာသည် ရွှေဘိုမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ၊ ခင်ဦးမြို့အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာ မြေနီသျှိုရွာ၏ အရှေ့ဘက် ကပ်လျက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ကုန်တင်ကားများ လမ်းပိတ်နေစဉ် လေကြောင်းမှပစ်ခတ်ဗုံးကြဲခဲ့မှုဖြစ်သောနေရာ (လက်ပန်ကုန်းရွာအနီး) ၏တောင်ဘက် နှစ်မိုင်ကျော်သာ ကွာဝေးသည်။



























Leave a Reply