ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံနေရပြီး စစ်ကော်မရှင်က ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဝင်တွေကို ကယ်ထုတ်နေရ
မကွေးတိုင်း၊ သရက်မြို့နယ် အနောက်တောင်ဘက်က ဆင်ကော်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဆင်းကော်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်နေတာလို့သိရပြီး ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ၆ ရက်ခန့် ကြာမြင့်နေပြီလို့ သိရပါတယ်။
“ဒီနေ့နဲ့ဆို ၆ ရက်ပေါ့ ငြိမ်လိုက် ပြန်ပစ်လိုက်နဲ့၊ စဖြစ်တဲ့နေ့ကတော့ နှစ်ဖက်အတော်ပြင်းထန်တယ်၊ ရွာသားတွေလည်းပြေးရတာ ဘာမှယူချိန်မရကြဘူး၊ ရဲစခန်းက အပေါ်ဘက်ရောက်နေတာ၊ ရွာထဲကို လက်နက်ကြီးတွေကျတယ် အိမ်တွေလည်း ရစရာမရှိဘူး ဖွာလန်ကျဲကုန်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဆင်ကော်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆင်ကော်ရဲစခန်းနဲ့ ၁၀ မိုင်ခန့်သာဝေးတဲ့ သရက်မြို့နယ် ကပစ(၁၂)ကနေ လက်နက်ကြီးပစ်ကူပေးပြီး ရမ်းသန်းပစ်ခတ်ခဲ့လို့ ဆင်ကော်ကျေးရွာထဲက လူနေအိမ်တွေ ပျက်စီးမီးလောင်ကုန်တယ်လို့လည်း ဆိုပါတယ်။
“Drone တွေကောပဲ ဘယ်ဘက်ကမှန်းမသိဘူး၊ လက်နက်ကြီးကတော့ တပ်ဘက်ကပစ်တာတွေ ရွာထဲထိတယ်၊ လူသေတာတော့မကြားဘူး၊ အရပ်သားတွေ ကိုယ်လွတ်ရုန်းခဲ့ရတော့ စားဖို့သောက်ဖို့ နေဖို့ကအစ ခက်ခဲနေကြတယ်၊ သရက်မြို့ကနေ စစ်ကူတွေလာတယ်၊ လာတဲ့လမ်းတလျှောက်လည်း ခြောက်လှန့်ပစ်ခတ်ပြီးလာတာ၊ ရွာနားက ကောက်ရိုးပုံတွေလည်း လူဝင်နေတယ်ထင်ပြီး ပစ်လိုက် မီးရှို့လိုက်နဲ့ ထင်တိုင်းကြဲပြီးလာတာ၊ ဆင်ကော်စခန်းထဲက ရဲမိသားစုဝင်တွေကို ကယ်ထုတ်နေတာထင်တယ်” လို့ ဒေသခံတစ်ဦးက ထပ်မံပြောဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လတ်တလောမှာ ဆင်ကော်ရဲစခန်းက ရဲမိသားစုဝင်တွေကို လာရောက်ကယ်ထုတ်နေတယ်လို့သိရပြီး ဒီကနေ့ထိ တိုက်ပွဲဟာ ၆ ရက်ခန့်ကြာမြင့်နေပြီလို့ သိရပါတယ်။


Leave a Reply