မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့မှု တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့
၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ လေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာတွင် တိုက်လေယာဉ် ၁ စီး ပျက်စီးကြောင်း၊ တိုက်လေ ယာဉ် ပျက်စီးမှုကို ယနေ့တွင်မှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မပခ လေတပ်ကို တိုက်ခိုက်မှုမှာ ရဟတ်ယာဉ် ၁ စီးနဲ့ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့တယ်။ ဒီဇင် ဘာလ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ရာမှာ ဖိုက်တာ ၁ စီး ပျက်စီးသွားပါတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဒီဇင်ဘာ ၂၅ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့မှုတွင် Mi-17 ရဟတ် ယာဉ် ၁ စီးနှင့် K 8W တိုက် လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့သည်။
ယခုနှစ် ၂၀၂၅ ခုနှစ်၊ မေလအတွင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA က FPV ဒရုန်းများဖြင့် စစ်ရဟတ်ယာဉ် ၂ စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကူသွားရောက်သော ဗျူဟာမှူးနှင့်အဖွဲ့ အပါအဝင် အနည်းဆုံး အရာရှိနှင့်စစ်သည် ၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ လေတပ်စခန်းတစ်ခုမြင်ကွင်း။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)


Leave a Reply