ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်ကြောင်း စစ်ကော်မရှင် ဗဟိုဘဏ်ကြေညာ

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတာကြောင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံ ထားရတဲ့ ကုမ္ပဏီ ၁၉၇ ခုအနက် နယ်ခြားစောင့်တပ်က ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုဟာ ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်ကြောင်း စစ်ကော်မရှင်ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူရဲ့ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၉၀ ကျော်ကို ပို့ကုန်ရငွေ ပြန်မသွင်းမှုနဲ့ ဇူလိုင် ၁ ရက်နေ့မှာ စစ်ကော်မရှင်က အမည်ပျက်စာရင်း ကြေညာခဲ့တာပါ။

၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ အထက်ရှိတဲ့ ကုမ္ပဏီ ၂၉ ခုကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ အထက်ရှိတဲ့ ကုမ္ပဏီ ၅၅ ခုကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီ ၁၉၇ ခုကို လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေးအတွက် စစ်ကော်မရှင်ဗဟိုဘဏ်ရဲ့ ညှိနှိုင်းချက်အရ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လဝကဝန်ကြီးဌာနတို့က အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနဲ့ မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်မပေးသွင်းတဲ့ ကုမ္ပဏီ ၁၉၇ ခု အထဲမှာ ဗိုလ်မှူးချုပ် စောချစ်သူပိုင်တဲ့ Chit Linn Myaing Toyota Company လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အရင်က အမည်မည်းစာရင်း ထည့်သွင်းခြင်းနဲ့ မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းခံရတဲ့ ကုမ္ပဏီတွေအနက် ပူးတွဲပါ ကုမ္ပဏီ ၂၉ ခုဟာ ပို့ကုန်ရငွေတွေ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်တာကြောင့် အဲ့ဒီကုမ္ပဏီတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနဲ့ မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့ကနေ ပယ်ဖျက်ကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *