ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပဲခူးမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများ ဆန္ဒထုတ်ဖော်နေစဉ် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၃) ရဲဘော်များက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ ဆေးဗိုလ် ၁ ဦးနှင့် တပ်သားအဆင့် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ စစ်ကြောင်းအထိနာပြီး ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၅ ဦးကို အရှင်ဖမ်းမိပြီး လက်နက်ငယ် (၁၂)လက်နှင့်ခဲယမ်းများ၊ လက်ပစ်ဗုံး၊ စကားပြောစက်များနှင့် အခြားစစ်သုံးပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“စစ်သုံ့ပန်း ၅ ဦးထဲမှာ ၂ ဦးက ဒဏ်ရာရထားလို့ ကျနော်တို့ ဆေးကုသပေးထားပါတယ်။ သူတို့ကို ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ စစ်ဆေးမှုတော့ ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကမ်းတစ်လျှောက် တိုက်ပွဲများပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း စစ်ဆင်ရေးအဟုန် မြှင့်တင်တိုက်ခိုက်ခဲ့ရာ တစ်ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့၌ စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ဖက်စလုံးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ပြီး၊ စခန်းသိမ်းတိုက်ပွဲများနှင့် ကြားဖြတ်တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အိုးမြေဒူးကျေးရွာတွင် တပ်စွဲထားသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီအထိုင်စခန်းအား နေပြည်တော် PDF တပ်ရင်းများနှင့် သံတောင်မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အိုးမြေဒူးကျေးရွာတစ်ရွာလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တောင်းမြစ်ကို ဖြတ်ကျော်၍ အနောက်ဘက်ကမ်းသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်ကမ်းတွင် ကြိုတင်စောင့်ဆိုင်းနေသော နေပြည်တော် PDF တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

ထိုတိုက်ပွဲတစ်ခုတည်း၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၃) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ထိုနေ့ နံနက်ပိုင်းက စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ဒိုးတန်းကျေးရွာရှိ အင်အား (၄၀) ခန့်ပါ စစ်ကောင်စီတပ်စခန်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းများ၊ ပဲခူးတိုင်းစစ်ဌာန (၃၅၀၄) တပ်ရင်းနှင့် ရေတာရှည် (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးခဲ့သည်။
အဆိုပါ ဒိုးတန်းကျေးရွာတိုက်ပွဲသို့ စစ်ကူပေးရန်အတွက် အောင်ချမ်းသာကျေးရွာဘက်မှ တက်လာသော အင်အား (၇၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တခွဲကျဲကျေးရွာအနီး ကြံခင်းကွင်းပြင်များ၌ တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်မှ တင့်ကားများကိုပါ အသုံးပြု၍ စစ်ကူပေးရန် ကြိုးစားခဲ့သော်လည်း ဖြတ်တောက်တားဆီးမှုများကြောင့် ရှေ့ဆက်မတက်နိုင်ခဲ့ဘဲ အင်အား (၂၀) ခန့် ထိခိုက်ကျဆုံးနိုင်ကြောင်းနှင့် လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
ထို့အပြင် ခင်တန်းလေးကျေးရွာ ဘုန်းကြီးကျောင်းရှေ့ လမ်းပိုင်းတွင် စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီဂိတ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂) ဦး ထပ်မံသေဆုံးခဲ့သည်။
တစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများပြားခဲ့သဖြင့် လက်ရှိအချိန်တွင် စစ်ကူအင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသလို၊ စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် စစ်ဆင်ရေးအရှိန်ကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်များနှင့် နီးစပ်ရာတွင် နေထိုင်ခြင်း၊ ပတ်သက်ဆက်နွယ်ခြင်းများ မပြုလုပ်ကြရန် အလေးအနက် မေတ္တာရပ်ခံ သတိပေးထားပါသည်။


Leave a Reply