ရန်ကုန်မြို့နယ်မှာ နှစ်သစ်ကူး နယူးရီယားညက ယာဥ်တိုက်မှုနဲ့ လုယက်မှုတွေ ဖြစ်ခဲ့ပြီး ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ နယူးရီးယားညမှာ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား (ဂျပန်တံတား)ပေါ်မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ ၆ ချက်ထိုးကာ ဖုန်းနဲ့ ငွေသားတွေကို လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လမ်းလျှောက်ပြီး ပြန်လာတာကို မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်က ဓားနဲ့ ၆ ချက် ထိုးပြီး ဖုန်းနဲ့ ငွေတွေ လုပြေးတာ ပြောတယ်၊ လည်ပင်းနဲ့ ကျောကုန်းတွေမှာ ဓားဒဏ်ရာတွေ ရထားတယ်၊ သတိတော့ မလစ်သေးဘူးပေါ့၊ အခြေအနေက ဆိုးတယ် သွေးထွက်လွန်နေပြီ၊ ငွေ ၆ ထောင်နဲ့ ဖုန်း အဟောင်းလေးတစ်လုံးကို လုသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နယူးရီယား ည ၁၂ နာရီ‌ကျော် ဇန်နဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာလည်း လှိုင်သာယာအနောက်ပိုင်း၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်ရှိ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိခဲ့လို့ ကားပေါ်ပါလာသူ ၄ ဦးအနက် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး ကျန် ၂ ဦး စိုးရိမ်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

“ရန်ကုန်ကို ပြန်လာတဲ့ ကားပါ၊ အရှိန်များတယ်၊ ရပ်ထားတဲ့ ဆန်ကားကို နောက်ကနေ တိုက်တာ၊ ဆန်ကားအောက်ထဲထိ ညှပ်သွားတာ၊ အကုန်ဖြတ်တောက်ပြီး ထုတ်ရတယ်၊ ၂ ယောက်က ပွဲချင်းပြီး ကျန်နှစ်ယောက်ကလည်း ခေါင်းတွေ ထိထားတာ၊ အခြေအနေက မကောင်းဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ဒီကနေ့ ဇန်န၀ါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ ရန်ကုန်၊ မင်္ဂလာဒုံအမှတ် (၃)လမ်းမ၊ သင်္ကန်းကျွန်းမှတ်တိုင် အနီးမှာလည်း လမ်းဖြတ်ကူးတဲ့ အမျိုးသားတစ်ဦးကို ယာဥ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့လို့ အတိုက်ခံရတဲ့အမျိုးသား သေဆုံးခဲ့တယ်လို့ သိရပြီး မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင် အနီးမှာလည်း YBS-41 ယာဉ်ကို တက္ကစီယာဥ်က ဝင်တိုက်ခဲ့လို့ တက္ကစီယာဥ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *