ဆိပ်ဖြူမြို့နယ်တွင် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဉ်တန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိ
ကပစ ၂၂ သို့ သွယ်တန်းထားသော မီးတိုင်များကိုလည်း ဖောက်ခွဲ ရှင်းလင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယာဉ်တန်းတို့ကို တိုက်ခိုက်ရာ စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိကာ ကပစ ၂၂ သို့ သွယ်တန်းထားသော မီးတိုင်များကိုလည်း ပျက်စီးခဲ့ကြောင်း ပခုက္ကူခရိုင်စစ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပခုက္ကူခရိုင် အမှတ် ၄ ၊ ၁၁ နှင့် ၁၉ တပ်ရင်းများက ဆိပ်ဖြူမြို့နယ် ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ် မဟာဓာတ်အားလိုင်း ဓာတ်တိုင်များကို မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း၊ ထို့ပြင် ကပစ ၂၂ ကိုလည်း Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁ (ပခုက္ကူခရိုင် PDF တပ်ရင်းများ)၊ ပခုက္ကူခရိုင် အမှတ် ၄ ၊ ၁၉ တပ်ရင်းများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ တွင် ဆိပ်ဖြူမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၄ စီးပါ ယာဉ်တန်းအား လာကြိုသည့် စစ်သားများ လိုက်ပါလာသည့် သံပြားကာကား ၁ စီးနှင့် အိမ်စီးကား ၁ စီး တို့ကို ပခုက္ကူခရိုင် စုဖွဲ့မှုစစ်ကြောင်း ၂ (PDF+ပကဖ+LDF)၊ ပခုက္ကူခရိုင် Commando တပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၄ ၊ ၁၁ ၊ ၁၉ တပ်ရင်း ပူးပေါင်းအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၆ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် 79 (၁) လက်၊ MA-1 (၄) လက်၊ MA-3 (၃) လက် နှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ခရိုင်စစ်ကြောင်းမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ ၂၀၂၅ ခုနှစ်ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုခြင်း အဖြစ် ဆက်လက် ရှေ့သို့ ချီတက်နေလျက်ပါ” ဟု ပခုက္ကူခရိုင်စစ်ဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။


Leave a Reply