ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်တစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက် မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေ ပြည်သူဆီက ချောဆွဲလာတဲ့ ဖလပ်ခွန်တစ်စီးကို အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ လောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်မ ၉၉ လက်အောက်ခံ ဒုတပ်ကြပ်တစ်ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“သူတို့လာမှာသတင်းရလို့ကြိုတင်စောင့်ခဲ့တာ၊ ပြည်သူဖလပ်ခွန်ကို ချော်ဆွဲလာတယ် ပြည်သူတွေ တော့မပါဘူး ၊ ပစ်ခတ်မှုမှာ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး ကျနော်တို့က ကုန်းဘက်ကနေစောင့်ပြီးတော့ မြစ်ချောင်းကျဉ်းတဲ့နေရာကနေပစ်တာဆိုတော့ တိုက်ပွဲဖြစ်နေချိန် ခလရ (၂၅၇) ကနေ ဟောင်ဝှစ်ဇာ နဲ့ ပစ်ကူပေးတယ်” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) မှတာဝန်ရှိသူက ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်သားတွေဟာ မြစ်ဘေးကရွာတွေကို လက်နက်တွေ နဲ့ ဆက်တိုက်ပစ်ခတ်သွားပြီး ရေစကြိုမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေဟာ ရေစကြိုမြို့နယ်ထဲကို စစ် ကြောင်းထိုးတာမျိုးမရှိပေမယ့်မြို့ထဲမှာတော့ လူအင်အားအများအပြားချထားပြီး လုံခြုံရေးတိုးမြင့်ထားတယ်လို့ဆိုပါတယ်။

“ပစ်ခတ်မှုပြီးတော့ သူတို့ကရေစကြိုမြို့ကိုကပ်သွားတယ် အင်အားတွေချသွားတယ် အခုလောလောဆယ်ကတစ်ခြားစစ်ကြောင်းတွေတော့မရှိဘူး မြို့ပေါ်မှာတော့ အင်အားတွေတိုးချဲ့ချထားတာရှိတယ် သူတို့ရွေးကောက်ပွဲအတွက်ဖြစ်မယ်ထင်တယ် ပထမအကြိမ်ရွေးကောက်ပွဲတုန်းက ရေစကြိုမပါဘူး လေ” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဖူလုံရွာမှာ ဘီးလိယက်ထိုးနေတဲ့ ခလရ (၂၅၇) တပ်ကတပ်ရေးဗိုလ်ကြီးတစ်ယောက်ကို သွားရောက်ဖမ်းဆီး ခေါ်ဆောင်ချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ – ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တတ်လာတဲ့ စစ်အုပ်စုရေယာဉ် (ပုံဟောင်းအာ ပြန်လည်အသုံးပြုခြင်း)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *