မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

မကွေးမြို့က ဧရာဝတီမြစ်သောင်ပြင်ကို ဝင်ကြေးပေးပြီးသွားရောက်နေရတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။

နေ့စဉ် လာရောက်အပန်းဖြေသူ ဦးရေ ရာနဲ့ချီရှိတဲ့ မကွေးမြို့သောင်ပြင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝါးတွေနဲ့အတားဆီးလုပ်ပြီး လူတစ်ဦးကို ဝင်ကြေးအဖြစ် ၅၀၀ ကောက်နေတယ်လို့သိရပါတယ်။

“အခါတိုင်းနှစ်အဲဒီလောက်လူမစည်ဘူး ဒီနှစ်မှာသဲသောင်ပြင် အတားဆီးလုပ်ပြီး ဝင်ကြေး ကောက်တာ။ Tiktok မှာ တွေ့ပြီး လာရောက်အပန်းဖြေသူများလာတာ။ ထွေအုပ်က သူတို့ ရန်ပုံငွေပေါ့ဗျာ လုပ်စားတာပါဗျာ အရင်နှစ်တွေက နှစ်တိုင်းပဲ မကွေး တံတား အောက်မြောက်ဘက်မှာ အပန်းဖြေ ဈေးဆိုင်ခန်းတွေ နှစ်တိုင်း ရှိတယ် ဘာပိုက်ဆံ မှာ မပေးရပါဘူး အဲဒီတုန်း က အခုလောက်ထိ လူမများဘူး။ အခုက မကွေးတံတား တောင်ဘက်မှာ သဲသောင်ပြင် ကျယ်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း “ တို့နှစ်တိုင်းသွားနေကြ။ ကျောင်းတက်တုန်းကလည်းအမြဲသွားတာ အဲလိုသာပေးရရင် ငါတို့မွဲနေလောက်ပြီ” လို့ မှတ်ချက်ပြုပါတယ်။

ဒီဇင်ဘာ ၃၁ရက်ညကလည်း မကွေးကမ်းနားလမ်းမှာ နှစ်သစ်ကူးအနေနဲ့ နဂါးမယ်တော်လို့ လူသိများတဲ့ အေမီဈာန်နဲ့ အဖွဲ့သားတွေကို ငှားပြီးဖျော်ဖြေပွဲလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်မှာတော့ ဆင်ဖြူကျွန်းကနေ စစ်ရှောင်လာတဲ့ မြို့ခံတွေဟာ အိမ်ငှားဖို့အခက်ခဲရှိကြတာကြောင့် သောင်ပြင်မှာ တဲထိုးနေကြတာတွေ့ပြီး အခုတော့မတွေ့တော့ဘူးလို့ မြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *